မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၁ ဦးသေဆုံးခဲ့ပြီး ၇ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၁၄ ရက် ည ၈ နာရီခွဲ အချိန်က မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းတ၀ိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၁ လုံး လာရောက်ကြဲချခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဝန်းကျင်က မီးဖွားနေတဲ့ အိမ်တလုံးအပါအဝင် နေအိမ် ၁၅ လုံးကို ထိခိုက်ခဲ့ပြီး အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ၅ ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး ၂ ဦး၊ အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“မီးဖွားနေတဲ့ အိမ်ဆိုတော့ လာသတင်းမေးတဲ့သူတွေလည်း ဆုံးတယ်၊ မိခင်နဲ့ ကလေးလည်း ဆုံးပါတယ်။”လို့ မိုးကုတ်ဒေသခံ တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ယခုလအတွင်း လေကြောင်းနဲ့ မိုးကုတ်မြို့ကို ၂ ကြိမ်၊ ကျောက်မဲမြို့နယ်မှာ ၁ ကြိမ်၊ သီပေါမြို့ကို ၂ ကြိမ်ဖြင့် ဗုံးများကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ဓါတ်ပုံ – CJ


