၁၀ ဖေဖော်ဝါရီ၊ ၂၀၂၅
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းက ဝင်းထရံရပ်ကွက် ကျောက်လုပ်ငန်းကို ဖေဖော်ဝါရီ ၁၀ ရက် ဒီနေ့မနက်အစောပိုင်းက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၅ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစောပိုင်းသတင်းတွေအရ သိရပါတယ်။
ဒီနေ့မနက် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးသီး အလုံး၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “သေသူက လောလောဆယ် ၅ ဦး၊ တချို့ဆို တစစီဖြစ်သွားတာ၊ သေဆုံးသူတွေကအမျိုးသားတွေပါ။ ဒဏ်ရာရသူက ၂၀ ကျော်လောက်ရှိတယ်” လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။ သေဆုံးသူတွေဟာ ဝင်းထရံကျောက်လုပ်ငန်းမှာ နေထိုင်လုပ်ကိုင်နေတဲ့ ဒေသခံပြည်သူတွေ ဖြစ်ပါတယ်။
လက်ရှိမိုးကုတ်မြို့ကို ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ထိန်းသိမ်းထားပြီး ပြန်လည်ထူထောင်ရေးအနေနဲ့ ကျောက်လုပ်ငန်းလုပ်ပိုင်ခွင့်တွေကို ပြန်ပြီးချပေးထားတာဖြစ်ပါတယ်။
ဇန်နဝါရီလအတွင်း TNLA ထိန်းချုပ်ထားတဲ့ဒေသတွေမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CJ