၃၀ ဒီဇင်ဘာ၊ ၂၀၂၄
မိုးကုတ်မြို့မှာ စစ်ရေးသတင်းပေါက်ကြားမှာစိုးတဲ့အတွက် စတားလင့်အသုံးပြုခွင့်ပိတ်ထားတဲ့အတွက် ဆက်သွယ်ရေးအခက်အခဲတွေ့နေကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။
မိုးကုတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲချိန်ထဲက တယ်လီဖုန်းနဲ့အင်တာနက် ဆက်သွယ်ရေးတွေ ပြတ်တောက်နေတာဖြစ်ပြီး TNLA အုပ်ချုပ်မှုအောက်မှာ စတာားလင့်အင်တာနက် အသုံးပြုခွင့်ရရာက အခုနောက်ပိုင်း စစ်ရေးအခြေအနေအရ သုံးစွဲခွင့်တွေ ပြန်ပြီး ပိတ်ပင်ထားတာ လနဲ့ချီနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။
“ဒီမြို့ကလူတွေက စစ်ရှောင်ကုန်ပေမယ့် တချို့က အိမ်မှာ မိဘတွေ ကျန်ခဲ့တာ ၊ သား သမီးငယ်တွေ ကျန်ခဲ့တာမျိုးတွေ ရှိပါတယ်။ အခုက လူငယ်တွေကလည်း တခြားမြို့ကို ရောက်နေတာဆိုတော့ ငွေလွှဲတာတွေဆိုရင် ဘာငွေသားမှ လွှဲမရတဲ့အတွက် လူကြုံနဲ့ထည့်ပေးရတာပါ ။ အလိမ်ခံလိုက်ရတာမျိုးလည်း ရှိတယ်” လို့ မိုးကုတ်ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
“အရင်က MEC ကတ်တွေနဲ့ ဖုန်းပြောလို့ရတယ်။ အခု ဖုန်းပြောရင် ဖုန်းသိမ်းမယ်ဆိုလို့ မသုံးရဘူး။ ခိုးသုံးရင်လည်း ဒလန်ဆိုပြီး တခုခုလုပ်မှာ ကြောက်လို့ အကုန်ဖွက်ထားရတယ်” လို့ သူက ဆက်ပြီး ပြောဆိုပါတယ်။
မိုးကုတ်မြို့မှာ တစ်နာရီ ၃၀၀၀၀ နှုန်းနဲ့ TNLA နဲ့ ပတ်သတ်ဆက်နွယ်နေသူကို လုပ်ကိုင်ခွင့်ပေးပြီးနောက်မှာ မြို့ခံတွေ ဝေဖန်တဲ့အတွက် စတားလင့်အင်တာနက် သုံးခွင့်ပေးမယ်လို့ကြေညာပြီးနောက်မှာ စစ်ရေးအခြေအနေမပေါက်ကြားစေဖို့ အင်တာနက်သုံးခွင့်၊ ဖုန်းအသုံးပြုခွင့်လုံးဝ ပိတ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူတွေဆီက စတားလင့်စက်တွေကိုပါ လိုက်ပြီး သိမ်းဆည်းနေတယ်လို့လည်း သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ မိုးကုတ်မြို့ကို TNLA ဦးဆောင်တဲ့မဟာမိတ်တပ်တွေက သိမ်းပိုက်အုပ်ချုပ်ထားတာ ဖြစ်ပြီး လုံခြုံရေးအတွက် ဖုန်းနဲ့ အင်တာနက် သုံးစွဲခွင့်ပိတ်ထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကတော့ ဖုန်းလိုင်း ၃ လိုင်းလုံး ရနေပြီး အင်တာနက်လိုင်းတွေလည်း သုံးစွဲလို့ ရနေတယ်လို့ ဆိုပါတယ်။
ပုံစာ – စတားလင့်အင်တာနက်စက်
ဓာတ်ပုံ – Citizen