မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါအ၀င် ပြည်သူလူထု (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၁၃ ရက်ည ၁၀ နာရီခွဲလောက်က စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပန်းမထိပ်အနီးမှာပေါင် (၅၀၀) ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့်
ကလေးငယ် (၂)ဦး၊ အမျိုးသမီး (၁)ဦးနဲ့အမျိုးသား (၃)ဦးတို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၆) လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒီနေ့ မနက်ပိုင်းကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၄)လုံး ထပ်မံကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၂)အိမ်နဲ့ဇလပ်ဝါအချိုခြောက်စက်ရုံလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဇွန်လ (၂၉)ရက်ကနေ ဇူလိုင်လ (၁၃)ရက် နံနက်ပိုင်းအထိ လေကြောင်းနဲ့ ကျောက်မဲမြို့မှာ (၆)ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာမှာ (၁)ကြိမ်၊ မိုးကုတ်မြို့မှာ (၁)ကြိမ်နဲ့ သီပေါမြို့မှာ (၁)ကြိမ်တို့ စုစုပေါင်း (၉)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။
ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ်အပါ အဝင် ပြည်သူလူထု (၇)ဦး သေဆုံးခဲ့ရပြီး ကလေးငယ် (၂)ဦးနဲ့ ပြည်သူလူထု (၃၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅၂)အိမ်၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၄)ကျောင်းတို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။


