တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် စစ်ကော်မရှင်နဲ့ TNLA တို့အကြား သဘောတူညီချက်ရတာကြောင့် မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေကနေ တအာင်းတပ်မတော် (TNLA) ပြန်လည်ဆုတ်ခွာတော့မှာဖြစ်တယ်လို့ (TNLA) က သတင်းထုတ်ပြန်ပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကော်မရှင် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့ဟာ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၇ နဲ့ ၂၈ ရက်မှာပြုလုပ်ခဲ့တယ်လို့ အောက်တိုဘာ ၂၉ ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သဘောတူညီချက်အရ တအာင်းတပ်မတော် (TNLA)ဟာ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေကနေ ပြန်လည်ဆုတ်ခွာရမှာဖြစ်ပြီး တအာင်းဒေသကိုလည်း မြန်မာစစ်တပ်က လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းတွေမပြုဘဲ၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် (၀၀း၀၀)နာရီအချိန်ကစတင်ပြီး နှစ်ဖက်ရောက်ရှိတဲ့နေရာမှာ တပ်တွေ ရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ဆိုပါတယ်။
သဘောတူသတ်မှတ်ထားတဲ့ ကာလအတွင်းမှာ ပြန်လည်ဆုတ်ခွါမယ်လို့ ထုတ်ပြန်ပေမယ့် ဘယ်တော့ ဆုတ်ခွာမယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။


