Homeနိုင်ငံတကာသတင်းမိုင် ၂,၃၀၀ ကျော် ခြေလျင်ကြွချီခဲ့တဲ့ဆရာတော်တွေရဲ့Walk For Peace ခရီးစဉ် ပြီးဆုံး

မိုင် ၂,၃၀၀ ကျော် ခြေလျင်ကြွချီခဲ့တဲ့ဆရာတော်တွေရဲ့Walk For Peace ခရီးစဉ် ပြီးဆုံး

၁၁ ဖေဖော်ဝါရီ ၂၀၂၆

အမေရိကန်ပြည်ထောင်စုတလွှား မိုင် ၂,၃၀၀ ကျော် ခြေလျင်လမ်းလျှောက်ကြွခဲ့တဲ့ Walk For Peace ခရီးစဉ်ဟာ ဝါရှင်တန်ဒီစီမှာ နောက်ဆုံးအပိုင်းကို ပြီးဆုံးသွားပြီဖြစ်ပြီး ပါဝင်ကြွချီခဲ့တဲ့ ဆရာတော်တွေဟာ သက်ဆိုင်ရာ ကျောင်းတိုက်တွေကို ပြန်လည်သီတင်းသုံးတော့မယ်လို့ သိရပါတယ်။

ဒီခရီးစဉ်ကို ဆရာတော်အပါး ၂၀ က တက္ကဆက်ပြည်နယ် Fort Worth မြို့ကနေ စတင်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၁၁၀ နီးပါးအတွင်း အမေရိကန်နိုင်ငံတလွှားကို ဖြတ်သန်းကြွခဲ့ကြတာပါ။ ခရီးစဉ်အတွင်း သံဃာတစ်ပါး မတော်တဆမှုကြောင့် ခရီးမဆက်နိုင်တော့ဘဲ နောက်ဆုံးပိုင်းကို သံဃာ ၁၉ ပါးကပဲ ဆက်လက်လမ်းလျှောက်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်မှာ ဝါရှင်တန်ဒီစီကို ရောက်ရှိချိန် လူထောင်နဲ့ချီတဲ့ ပြည်သူတွေက ကြိုဆိုခဲ့ကြပြီး Washington National Cathedral မှာ ခရစ်ယာန်ဘုန်းတော်ကြီးတွေ နဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ ဝါရှင်တန်မှာ နေထိုင်တဲ့ မြန်မာအသိုင်းအဝိုင်းကလည်း ခရီးဦးကြိုခဲ့ကြောင်း လူမှုကွန်ရက်တွေမှာ ဖော်ပြထားပါတယ်။

‘အာလောက’ လို့ အမည်ပေးထားတဲ့ ခွေးလေးတစ်ကောင်လည်း ဆရာတော်တွေနဲ့အတူ ခရီးတလျှောက် လိုက်ပါခဲ့ပြီး အမေရိကန်ရဲ့ အေးမြတဲ့ ရာသီဥတုအောက်မှာ ငြိမ်းချမ်းရေးသတင်းစကားကို အတူတကွ သယ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

မေတ္တာ၊ ကရုဏာနဲ့ ငြိမ်းချမ်းရေးတရားတွေကို ပြန့်ပွားစေဖို့ ရည်ရွယ်ခဲ့တဲ့ ဒီခြေလျင်ခရီးစဉ်ဟာ လမ်းတလျှောက် လူထုရဲ့ ထောက်ခံမှုနဲ့ ချစ်ခြင်းမေတ္တာတွေ ရရှိခဲ့သလို အွန်လိုင်းပေါ်မှာလည်း ကမ္ဘာတလွှား စိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။

ခရီးစဉ်ပြီးဆုံးသွားပြီဖြစ်ပေမယ့် ဆရာတော်တွေဟာ စတင်ခဲ့ရာ Fort Worth မြို့ကို ပြန်လည်ကြွချီပြီး သက်ဆိုင်ရာ ကျောင်းတိုက်တွေမှာ သီတင်းသုံးသွားမယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး