စစ်အုပ်စုနဲ့ တရုတ်ရဲ့ဖိအားတွေကြောင့် မိုင်းရယ် – ဟိုယက ကိုးကန့်တပ်စခန်းတွေကို အခုနှစ်ကုန်အပြီး ဆုတ်မယ်လို့ သတင်းတွေထွက်ပေါ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နမ့်ပေါင်-မိုင်းရယ်-ဟိုယ တစ်ကြောမှာရှိတဲ့ MNDAA စခန်းတွေကို ဒီနှစ်အကုန်မှာ အားလုံးဆုတ်ပေးရမှာဖြစ်ပြီး လက်ရှိမြေပြင်မှာတော့ နမ့်ပေါင်ရှေ့ဖက်က တပ်စခန်းတချို့ စပြီးဆုတ်ခွာနေပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
“ပြီးခဲ့တဲ့ ၁၁ ရက်က လားရှိုးမှာ လုပ်တဲ့ တွေ့ဆုံပွဲကတည်းက စစ်အုပ်စုဘက်က တောင်းဆိုခဲ့တာလို့ သိရတယ်။ဒီကိစ္စနဲ့လည်း အတော်လေး တင်းမာမှုတွေဖြစ်ခဲ့ကြသေးတယ်။ အခုတော့ ဆုတ်နေကြပြီ။ လကုန်လောက်ဆိုရင်တော့ အကုန်ဆုတ်ကြမယ်လို့ကြားပါတယ်” လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။
အခုလို စစ်ရေးတင်းမာနေတဲ့ကြားမှာပဲ MNDAA ဘက်က တိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့ စစ်တပ်အုပ်စုက သုံ့ပန်း ၂၀၀ ကျော်ကိုလည်း ပြန်လည်လွှဲပြောင်းပေးတာတွေလုပ်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်က လားရှိုးမြို့မှာလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ စစ်အုပ်စုဘက်က ကိုးကန့်တပ်စခန်းတွေရှိတဲ့ လားရှိုး – သီပေါ လမ်းပိုင်းနဲ့ နမ့်ပေါင် – မိုင်းရယ် – ဟိုယ လမ်းကြောင်းပေါ်က MNDAA တပ်တွေကိုပြန်ဆုတ်ခိုင်းနေပြီး ကိုးကန့်တပ်ကတော့ တောင်းဆိုချက်ကို လက်မခံတာကြောင့် နှစ်ဖက်တပ်ကြား စစ်ရေး တင်းမာမှု အခြေအတွေ ဖြစ်ပေါ်နေခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – MNDAA


