၂၆ နိုဝင်ဘာ၊၂၀၂၄
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်က ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းငယ်နှစ်ခု နဲ့ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူ နေအိမ်တစ်လုံးကို ရှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ RCSS တပ်ဖွဲ့ က ဝင်ရောက်ဖျက်စီးခဲ့ပြီး ၊ ဒေသခံပြည်သူနဲ့ တပ်သားတစ်ချို့ကို ဖမ်းဆီး သတ်ဖြတ်ကာ အိမ်တွင်း အဖိုးတန်ပစ္စည်းတွေယူဆောင်သွားခဲ့တယ်လို့ SSPP/SSA ရဲ့ထုတ်ပြန်မှု အရ သိရပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ အင်အား ၁၀၀ ကျော်မှ စစ် ကြောင်းသုံးကြောင်းခွဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခွဲ အ ချိန်မှာ RCSS စစ်ကြောင်းနှစ်ကြောင်းနဲ့ မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွဲ ကျေးရွာအနီးရှိ SSPP/SSA တပ်စခန်းငယ်နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီး တပ်သား(၄)ဦးကို ဖမ်းဆီးသွားကာ စခန်းသုံး မော်တောဆိုင်ကယ်(၄) စီး ၊ ကားတစ်စီး အပါ အဝင် စခန်းတွေကို မီးရှိူ့ဖျက်စီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ကျန်ရှိ RCSS စစ်ကြောင်းတစ်ကြောင်းမှာ ပန်ပွဲကျေးရွာက ရွာကော်မတီဝင်တစ်ဦးရဲ့ နေအိမ်ကို လက်နက် ကြီး/ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ပြီး နေအိမ်အတွင်းရှိအဖိုးတန် ရွှေငွေ ပစ္စည်းတွေ မွှေနှောက်ယူ ဆောင်ကာ အိမ်ရှင်ဖြစ်သူ ဦးကန်ခမ်းအားစွာပစ်ခတ်သတ်ဖြတ်ပြီး နေအိမ်ကို မီးရှိူ့ဖျက်စီးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆက်လက်ပြီး ဆိုပါစစ်ကြောင်းမှ ပန်ပွဲကျေးရွာအတွင်းရှိ SSPP/SSA တပ်ဖွဲ့ဝင် (၄) ဦးနဲ့ ဒေသခံပြည်သူ (၁) ဦးအား ထပ်မံ ဖမ်းစီး သွားခဲ့သလို တဖန် ပန်ပွဲကျေးရွာအနောက်ဖက်ရှိ ဒေသခံပြည်သူ ဒေါ်တစ်ဦးရဲ့ကုန်စုံဆိုင်ကို RCSS တပ်ဖွဲ့ဝင်တွေက ဝင်ရောက်မွှေနှောက်ဖျက်စီးပြီး ဆိုင်အတွင်းရှိ စားသောက်ဖွယ်ရာကုန်ပစ္စည်းတွေနဲ့ ရွှေငွေတွေပါ ယူဆောင် သွားခဲ့တယ်လို့ သိရပါတယ်။
ယခုချိန်ကာလသည် ရှမ်းပြည်သူလူထုတရပ်မှ မိမိတို့ရှမ်းတပ် နှစ်ဖွဲ့ အပစ်ရပ်ပြီးပေါင်းစည်းနိုင်ရန် နှစ်ဖက်တပ် နဲ့ တွေ့ဆုံ ညိုနိုင်းရေးလုပ်ဆောင်နေစဥ်ကာလဖြစ်သည့်အတွက်ကြောင့် ရှမ်းတပ်နှစ်ဖွဲ့ ပေါင်းစည်းနိုင် ရေး အတွက်ရှေးရှူ့ပြီး SSPP/SSA တပ်ဖွဲ့မှ နှစ်ဖက်တိုက်ပွဲများမဖြစ်ပွား စေဖို့ ထိန်းသိမ်းခဲ့ခြင်းကို RCSS တပ်ဖွဲ့မှ အခွင့်ကောင်းယူ အသုံးချကာ ယခုလို မိမိ တပ်စခန်းများ ၊ တပ်ဖွဲ့ ဝင်တွေနဲ့ ဒေသခံပြည်သူတွေကို တိုက်ခိုက် သတ်ဖြတ် ဖမ်းစီး ခဲ့ခြင်းဖြစ်တယ်လို့ SSPP/SSA က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ ဖျက်စီးခဲ့သည့် မိုင်းကိုင်မြို့နယ်အတွင်းရှိ SSPP/SSA တပ်စခန်းငယ်နှစ်ခု နဲ့ဒေသခံနေအိမ်များ
Photo – SSPP Info