Homeပြည်တွင်းသတင်းမိုင်တိုင် ၃၁၈ အနီးက ကျေးရွာတွေကို စစ်ကောင်စီ နှစ်ရက်ဆက်တိုက် လေကြောင်းကတိုက်ခိုက်

မိုင်တိုင် ၃၁၈ အနီးက ကျေးရွာတွေကို စစ်ကောင်စီ နှစ်ရက်ဆက်တိုက် လေကြောင်းကတိုက်ခိုက်

၂၅ ဒီဇင်ဘာ၊ ၂၀၂၄

အမြန်လမ်းမိုင်တိုင် ၃၁၈ မှာ PDF တွေ စစ်ဆေးတဲ့ရုပ်သံဖိုင်ထွက်ပေါ်ပြီးနောက်မှာ အနီးအနားက ကျေးရွာတွေကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းက ဗုံးကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းက နွားထိုးကြီးမြို့နယ်အတွင်းက ရန်ကုန်-မန္တလေးအမြန်လမ်း၊ မန္တလေးနဲ့ မိတ္ထီလာကြား၊ မိုင်တိုင်အမှတ် ၃၁၈ ဝန်းကျင်မှာ နွားထိုးကြီး PDF တွေဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် (၄) နဲ့ အမှတ် (၁၀) တပ်ရင်းတွေက ခရီးသွားကားတွေကို စစ်ဆေးပြီး သတိပေးတာတွေ လုပ်ခဲ့ပါတယ်။

အဲ့ဒီနေ့ညနေပိုင်းမှာ အမြန်လမ်းနဲ့ ၁၀မိုင်အကွာက ဒေါင့်ဘိုးရွာကို စစ်ကောင်စီလေတပ်က ဗုံးလာကြဲခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ အမြန်လမ်းကတဆင့် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ဒေါင့်ဘိုးရွာရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ မြိုင်သာရွာက ဘုန်းကြီးကျောင်းကိုလည်း ပေါင် ၅၀၀ ဗုံးနဲ့ လာရောက်ပြီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေါင့်ဘိုးရွာက ၂ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ မြိုင်သာရွာမှာတော့ ဘုန်းကြီးကျောင်းမှာ လူမရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။

“ဒေါင့်ဘိုးမှာ လူသေတာ လင်မယားသေတာ။ ယောကျ်ားက အလောင်းပါ တစ်စစီ ဖြစ်တယ်လို့ ပြောတယ်။ တချို့ရွာခံတွေတော့ မန္တလေးနဲ့ရန်ကုန်ပြေးကြတယ်။ ဒီနေ့ညလည်း နရွဲတောတောင်ရွာဘက် ကြမ်းမယ်ကြားတယ် ” လို့ နွားထိုးကြီးဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

အခုနှစ် ဩဂုတ်လမှာ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့နယ် သုံးခုက ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တဲ့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး တိုက်ပွဲဖော်ဆောင်ခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Screencapture from Natogyi PDF

ဆက်စပ် သတင်းများ

Most read