၁၈ ဖေဖော်ဝါရီ ၂၀၂၆
မသန်စွမ်းတွေကို လှောင်ပြောင်သရော်တဲ့ပုံစံနဲ့ သရုပ်ဆောင်တင်ဆက်တာတွေ မပြုလုပ်ကြဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး က ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ သတိပေးထုတ်ပြန်လာပါတယ်။
အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးအပေါ် မထီတွေ့သင့်တဲ့ ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့တာနဲ့အတူ မသန်စွမ်းတွေကို လှောင်ပြောင်သရော်တဲ့ပုံစံနဲ့ ဇာတ်ကွက်တင်ဆက်ခဲ့တဲ့ အောင်ဇဗ္ဗူဇာတ်အဖွဲ့အပေါ် လူထုဝေဖန်မှုတွေ မြင့်တက်လာပြီးနောက်မှာ ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကသားတွေကို အခုလို သတိပေးလာတာဖြစ်ပါတယ်။
ရန်ကင်းမြို့နယ် မိုးကောင်းဘုရားပွဲအတွင်း မသန်စွမ်းတွေကို လှောင်ပြောင်သရော်တဲ့ပုံစံနဲ့ ဇာတ်ကွက်တင်ဆက်ခဲ့တဲ့ အောင်ဇဗ္ဗူဇာတ်အဖွဲ့အပေါ် သဘင်အစည်းအရုံး ဘက်ကတော့ လက်ရှိအချိန်ထိ တရားဝင် ခေါ်ယူသတိပေးတာ၊ အသိပေးထုတ်ပြန်တာမျိုး မရှိသေးတာကို တွေ့ရပါတယ်။
ဒီနေ့ ရုပ်ရှင်အစည်းအရုံးရဲ့ အသိပေးချက်ထဲမှာတော့ ရုပ်ရှင်ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းရေးသူတွေ၊ သရုပ်ဆောင်တွေ အနေနဲ့ မသန်စွမ်းသူတွေကို နှိမ့်ချ၊ လှောင်ပြောင်သရော်တဲ့ ပြကွက်တွေကို ရေးသားတာ၊ ညွှန်ကြားတာ၊ သရုပ်ဆောင်တင်ဆက်တာတွေ မလုပ်ဘဲ ရှောင်ကျဉ်ကြဖို့ တိုက်တွန်းထားပါတယ်။
လက်ရှိ ရုပ်ရှင်လောကအတွင်း ပေါကားတွေ အများဆုံးရိုက်ကူးနေပြီး အဲဒီဇာတ်ကားတွေထဲမှာ မသန်စွမ်းတွေကို သရော်တဲ့ပုံစံတွေ၊ အောက်ပိုင်းပျက်လုံးတွေ၊ မောင်နဲ့နှမ၊ သားနဲ့အမိ မကြားသင့်တဲ့ စကားလုံးတွေကို ဒိုင်ယာလော့အဖြစ် ထည့်သွင်းပြောဆိုလာတာတွေပါ ရှိနေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
အောင်ဇဗ္ဗူဇာတ်အဖွဲ့ရဲ့ ဖြစ်စဉ်ကို ရည်ညွှန်းပြီး ရုပ်ရှင်အစည်းအရုံးက လောကသားတွေကို ကြိုတင်အသိပေး သတိပေးလာတဲ့အချိန်မှာ သဘင်အစည်းအရုံးဘက်က ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာကို လူထုအနေနဲ့ ဆက်လက်စောင့်ကြည့်နေကြပါတယ်။


