Homeပြည်တွင်းသတင်းမဝတ်ရည်အောင်ကို ကျောင်းသားအာဇာနည်ဘွဲ့ပေးအပ်

မဝတ်ရည်အောင်ကို ကျောင်းသားအာဇာနည်ဘွဲ့ပေးအပ်

၂၆ ဇူလိုင် ၂၀၂၅

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ် ရည်အောင်ကို ကျောင်းသားအာဇာနည်ဘွဲ့ပေးအပ်လိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒီကနေ့ ဇူလိုင် ၂၆ ရက်မှာ အသိပေးထုတ်ပြန်ခဲ့တယ်။

သူမအနေနဲ့ တော်လှန်ရေးမှာအသက်ပေးဆပ်စွန့်လွှတ်ခဲ့တာကို အလေးအမြတ်ပြုစေဖို့နဲ့ နောင်ကျောင်းသားမျိုးဆက်အသီးသီးအတွက် စံနမူနာဖြစ်စေ‌ဖို့ အခုလို့ပေးအပ်လိုက်တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။

အဲဒီ ကျောင်းသားအာဇာနည်ဘွဲ့ကို နွေဦးတော်လှန်ရေးပြီးတဲ့အချိန်မှာ ကျောင်း သားကျောင်းသူတွေ ဆရာဆရာမတွေနဲ့ပြည်သူလူထု‌အရှေ့မှာ သူမရဲ့မိသားစုကို အခမ်းအနားနဲ့ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ်သာရှိသေးတဲ့ မဝတ်ရည်အောင်ဟာ ဇူလိုင်လ ၂၀ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်အတွင်းကွယ် လွန်သွားခဲ့တာဖြစ်ပြီး၊ ဇူလိုင်လ ၂၁ ရက်နေ့မှာ အကျဉ်းဦးစီးဌာနက ထောင်လွတ်မိန့်ထုတ်ပေးခဲ့ပြီး မိသားစုဆီကိုအလောင်းပြန်ပေးခဲ့တာဖြစ်ပါတယ်။

သူမဟာ စစ်ကောင်စီ စစ်ကြောရေးကနှိပ်စက်ညှင်း ပန်းခဲ့တဲ့ဒဏ်တွေကိုအကျဉ်းထောင်အတွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရခဲ့ဘဲ ကွယ်လွန်ခဲ့ရတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသူအဖွဲ့-WOPP အသိပေးထားပါတယ်။

မဝတ်ရည်အောင်ဟာ စစ်တပ်အာဏာ သိမ်းလိုက်တဲ့အပေါ် ဆန့်ကျင်ဆန္ဒပြခဲ့တာကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ အခြားကျောင်းသား (၅) ဦးနဲ့အတူ ကျောက်တံတားမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ ပုဒ်မ ၅၀၅ (က) ကနဲ့ထောင်ဒဏ် (၃) နှစ်၊ ပုဒ်မ ၅၂ (က)နဲ့ ထောင်ဒဏ် (၄)နှစ် စုစုပေါင်း (၇)နှစ် ကျခံနေရတဲ့ ကျောင်းသူတစ်ဦးဖြစ်ပါတယ်။

လက်ရှိမှာ သူမရဲ့အရိုးပြာကို ရေဝေးသုဿန်မှာ ဂူသွင်းမြှပ်နှံထားပါတယ်။

ဓာတ်ပုံ-ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး