၃ ဖေဖော်ဝါရီ၊ ၂၀၂၅
ဖေဖော်ဝါရီလ ၂ ရက်က ထိုင်းနိုင်ငံဝန်ကြီးချုပ်သက်ဆင်ရဲ့ မလေးရှားခရီးစဉ်မှာ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် နဲ့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းသတင်းဌာန The Nation က ဖော်ပြပါတယ်။
မြန်မာ့အရေးဆွေးနွေးခဲ့ကြတဲ့အကြောင်း မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့ပြီး ဆွေးနွေးခဲ့တဲ့အကြောင်းအရာအတိအကျကိုတော့ ဖော်ပြတာမရှိပါဘူး။
မလေးရှားဝန်ကြီးချုုပ်က Facebook ပို့စ်တစ်ခုတင်ထားပြီး သက်ဆင်နဲ့တွေ့ဆုံမှုဟာ အကျိုးရှိကြောင်း ၊ မြန်မာ့နိုင်ငံတွင်းအခြေအနေနဲ့ cryptocurrency ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအပါအဝင် အဓိကကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ရေးသားထားပါတယ်။ ညစာစားပွဲမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Yeo လည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံဟာ အာဆီယံရေးရာအတွက် အလွတ်သဘော အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့မှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဦးဆောင်နေပါတယ်။
ဒါအပြင် မလေးရှားနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ မစ္စတာအော်မန်ဟာရှင်လည်း နေပြည်တော်ကို ဖေဖော်ဝါရီလထဲ လာရောက်မယ်လို့ သိရပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အလျင်အမြန်အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်သစ်ဟာ မြန်မာမှာအကုန်လုံးပါဝင်တဲ့ ရွေးကောက်ပွဲကျင်းပဖို့လိုအပ်ပြီး လက်ရှိမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးဖို့နဲ့အပစ်အခတ်ရပ်ပြီး အားလုံးပါဝင်ဆွေးနွေးနိုင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ပြောဆိုပါတယ်။
(Ref – The Nation)
ဓာတ်ပုံ – Screengrab from The Nation