Homeနိုင်ငံတကာသတင်းမလေးရေပိုင်နက်ထဲ ထပ်ပြီး ရောက်ရှိလာတဲ့ လှေစီးရိုဟင်ဂျာ လူအယောက် ၃၀၀ နီးပါးကို နှင်ထုတ်

မလေးရေပိုင်နက်ထဲ ထပ်ပြီး ရောက်ရှိလာတဲ့ လှေစီးရိုဟင်ဂျာ လူအယောက် ၃၀၀ နီးပါးကို နှင်ထုတ်

မိုးသဲ

၅ ဇန်နဝါရီ၊ ၂၀၂၅

မလေးရှားနိုင်ငံ၊ လန်ကာဝီကျွန်းစုထဲကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် လှေနှစ်စီးကို မလေးအာဏာပိုင်တွေက နှင်ထုတ်ခဲ့တယ်လို့ မလေးတာဝန်ရှိသူတွေက ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်ပါတယ်။ ဒီလှေနှစ်စီးမှာ ရိုဟင်ဂျာ လူအယောက် ၃၀၀ နီးပါး ပါဝင်တယ်လို့ မလေးသတင်းဌာနတွေက ဖော်ပြပါတယ်။

ဇန်နဝါရီလ ၃ ရက်က မလေး လန်ကာဝီကျွန်းစု Telukyu ကျွန်းကို ဆိုက်ကပ်လာတဲ့ လူအယောက် ၁၉၆ ဦးပါတဲ့ ရိုဟင်ဂျာလှေကိုလည်း မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပြီး တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

လှေလေးစီးနဲ့ လူ ၇၀၀ နီးပါး ထွက်ခွာလာကြောင်း သိရပြီး မလေးရှားရေပိုင်နက်ထဲကို နောက်ထပ် လှေနှစ်စီး ဝင်ရောက်နေကြောင်း သိရတဲ့အတွက် ဒီလှေနှစ်စီးကို မလေးရှားရေပိုင်နက်ထဲမှာ ရှာဖွေနေပြီး တွေ့ရှိရင်သတင်းပေးဖို့ မလေးရှား ရေကြောင်းဆိုင်ရာ အေဂျင်စီက ညွှန်ချုပ် Datuk Mohd Rosli Abdullah က သတင်းထုတ်ပြန်ထားပါတယ်။

ဒီလှေတွေကို လန်ကာဝီကျွန်းစုရဲ့ အနောက်တောင်ဘက် ရေမိုင် နှစ်မိုင်အကွာမှာ သောကြာနေ့ (ဇန်နဝါရီ ၃ ရက်) ညပိုင်းက တွေ့ရှိခဲ့တယ်လို့ မလေးရှား ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီ (MMEA) က သတင်းထုတ်ပြန်ပါတယ်။ မလေးရှားရေပိုင်နက်ကို မနှင်ထုတ်မီမှာ ရှေ့ခရီးဆက်ဖို့ အစားအသောက်နဲ့ သောက်သုံးရေအပါအဝင် အကူအညီတွေ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

တရားမဝင် လှေနဲ့ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၁၉၆ ဦးကို ဖမ်းဆီးခဲ့ပြီး အခုလို နောက်ထပ် လှေနှစ်စင်း နှင်ထုတ်တဲ့ ဖြစ်ရပ် ဖြစ်လာတာပါ။ ပထမ ရွှေ့ပြောင်းသူ အဖွဲ့ထဲမှာတော့ အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၅၇ ဦး၊ ကလေး ၇၁ ဦး ပါဝင်တယ်လို့ မလေးရှားကသတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ အနီးအနားက ဒေသတွင်းနိုင်ငံတွေကို အန္တရာယ်များတဲ့ ပင်လယ်ရေကြောင်းခရီးကိုဖြတ်ပြီး ခိုလှုံဖို့အတွက် ရွှေ့ပြောင်းသွားလာလေ့ရှိပါတယ်။

၂၀၂၄ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ UNHCR အစီရင်ခံစာထဲမှာ ၂၀၂၃ ခုနှစ်အတွင်း ရိုဟင်ဂျာ ၄,၅၀၀ နီးပါး လှေစီး ထွက်ပြေးခဲ့ကြပြီး လမ်းခရီးမှာ သေဆုံးရသူ သို့မဟုတ် ပျောက်ဆုံးရသူက ၅၆၉ ဦးဝန်းကျင်ရှိပြီး ဒီအရေအတွက်ဟာ ၂၀၁၄ ခုနှစ် နောက်ပိုင်းမှာ ထိခိုက်သေဆုံးရမှု အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

ပုံစာ – အင်ဒိုနီးရှားနိုင်ငံ၊ အာချေးကမ်းခြေကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်လှေ (ပုံဟောင်း)

ဓာတ်ပုံ – ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read