Homeပြည်တွင်းသတင်းမန္တလေး - မြစ်ကြီးနား ကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီး မန္တလေးအထက်ပိုင်းမြို့တွေဆီ ကားလိုင်းပြေးဆွဲမှုတွေ ရပ်ထား

မန္တလေး – မြစ်ကြီးနား ကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီး မန္တလေးအထက်ပိုင်းမြို့တွေဆီ ကားလိုင်းပြေးဆွဲမှုတွေ ရပ်ထား

၆ ဩဂုတ်၊ ၂၀၂၄

မန္တလေး – မြစ်ကြီးနားကားလမ်းကို ဩဂုတ်လ ၆ ရက် ညနေပိုင်းကစပြီး အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီလို့ မန္တလေး – မြစ်ကြီးနားလမ်းကြောင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေဆီက သိရပါတယ်။ လုံခြုံရေးအခြေအနေတွေကြောင့် လမ်းပိတ်တာလို့ သိရပြီး လက်ရှိမှာလည်းအင်းတော်အနီးတဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ခရီးသွားခဲ့သူတွေကတဆင့်သိရပါတယ်။

လူမှုကွန်ယက်မှာ ဝိုင်းမော်ဘက်မှာ KIA နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်နေပြီး KIA က မြို့သိမ်းလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ မဟုတ်ဘူးလို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ဒီနေ့မနက်ကပဲ အိမ်ကမိဘတွေ မြစ်ကြီးနားက မန္တလေးဆင်းတာ ၊ အခုထိ မရောက်သေးဘူး။ ဖုန်းအဆက်အသွယ်လည်းမရဘူး။ တိုက်ပွဲဖြစ်လို့ လမ်းမှာ ပိတ်မိနေလားမသိဘူး။ အင်းတော်ဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့လည်း အွန်လိုင်းမှာ ပြောကြတယ်။ ဝိုင်းမော်သိမ်းလိုက်တယ်လို့လည်း ပြောပေမဲ့ သတင်းမှားပါ” လို့ မြစ်ကြီးနားဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

“မန္တလေးကနေ ပြင်ဦးလွင်၊လားရှိုး၊ရှမ်းမြောက်အပြင် မြစ်ကြီးနားအထိ ကားတွေမဆွဲတော့ဘူး။ လိုင်းတော်တော်များများရပ်ထားတယ်။ တိုက်ပွဲတွေဖြစ်နေလို့ ။ ယာဉ်လိုင်းတွေအနေနဲ့ မန္တလေးအထက်ပိုင်းက မြို့တွေကိုမဆွဲတော့ဘူး ။ ပြင်ဦးလွင်သွားချင်လည်း မန္တလေးအထိပဲ ဂိတ်ဆုံးထား ပို့ဆောင်နေတယ်”လို့ မြဝတီ၊မန္တလေး၊မြစ်ကြီးနားလမ်းကြောင်းကိုခရီးသည်နဲ့ ကုန်စည်ပို့ဆောင်နေတဲ့ ယာဥ်လိုင်းတာဝန်ရှိသူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလကစပြီး မြစ်ကြီးနား- ရန်ကုန် ခရီးစဉ်မှာ Express ကားလိုင်းလို့ခေါ်တဲ့ ကားကြီးတွေဟာ တစ်ညအိပ် နှစ်ညကြာမြင့်ရာကနေ လမ်းအခြေအနေတွေကြောင့် သုံးည လေးည အိပ်ရပြီး မြစ်ကြီးနား- မန္တလေး ခရီးစဉ်တွေကလည်း နေ့ချင်းရောက်ခရီးစဉ်ကနေ တစ်ညအိပ် နှစ်ရက်ကြာမြင့်နေတာ ဖြစ်ပါတယ်။

ခရီးသည်တင်ယာဉ်လိုင်း ကားကြီးတွေအပြင် မှန်လုံ ယာဉ်ငယ်လိုင်းတွေ ရှိပေမဲ့ ဒီတရားဝင်ပြေးဆွဲနေတဲ့ ယာဉ်ငယ်လိုင်းတွေကလည်း လမ်းနဲ့လုံခြုံရေးအခြေအနေတွေကြောင့် မြစ်ကြီးနား-မန္တလေး လမ်းကြောင်းမထွက်တော့ဘူးလို့ သိရပါတယ်။ မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်တဝန်းမှာ တယ်လီဖုန်းနဲ့ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာ တစ်လဝန်းကျင် ကြာပြီ ဖြစ်ပါတယ်။

ပုံ – မြစ်ကြီးနားမြို့ သတင်းစာမျက်နှာ

ဆက်စပ် သတင်းများ

Most read