၁၅ ဖေဖော်ဝါရီ ၊၂၀၂၅
မန္တလေးတိုင်း၊ မန္တလေး(အိုးဘို)အကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦး ဆေးဝါး ကုသမှုမရရှိတာကြောင့် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်မှုအရသိရပါတယ်။
နိုင်/ကျဉ်း တစ်ဦးဖြစ်တဲ့ ဒေါ်စန်းရီမှာ အိုးဘိုအကျဉ်းထောင်အတွင်း သွေးတိုး၊ ဆီးချို နဲ့ နှလုံးရောဂါတို့ကို ခံစားနေခဲ့ရပြီး အကျဉ်းထောင်တွင်းလုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆေးဝါးကုသမှုတို့ မရရှိခဲ့ တာကြောင့် အကျဉ်းထောင်အတွင်းအခုလို သေဆုံးခဲ့ရတာဖြစ်တယ်လို့လည်းဆိုပါတယ်။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းကျေးရွာတွင်နေထိုင်သူ ဒေါ်စန်းရီသည် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နှင့် ၅၀(ည)တို့ဖြင့် တရားစွဲဆိုခံခဲ့ရကာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထောင်ဒဏ် ၂၂နှစ် ချမှတ်ခြင်းခံထားရသူဖြစ်သည်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၂၈၆) ဦး ရှိခဲ့ပြီဖြစ်သည်။
သေဆုံးသူ ဒေါ်စန်းရီမှာ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နဲ့ ၅၀(ည)တို့နဲ့ တရားစွဲဆိုခံခဲ့ရကာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခြင်းခံထားရသူဖြစ်တယ်လို့လည်း သိရပါတယ်။
AAPP က ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၁) ဦး နဲ့ အမျိုးသား (၂၀) ဦး စုစုပေါင်း (၃၁) ဦး သေဆုံးခဲ့တာကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါအရေအတွက်အတွင်း စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သေဆုံးခဲ့ရသူ (၂) ဦး ပါဝင်နေသလို သေဆုံးသူတွေအနက် ရှမ်းပြည်နယ်မှာ (၈) ဦးနဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး၊ စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၁၉) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မတရားအာဏာလုမှုဖြစ်စဉ် နဲ့ ဆက်စပ်လို့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၅၇၄) ဦးရှိပြီး ထိုအထဲမှ (၂၁၈၂၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၃၂၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံ ထားရကြောင်း AAPP ရဲ့စာရင်းတွေအရ သိရပါတယ်။