၃ ဖေဖော်ဝါရီ၊ ၂၀၂၅
မန္တလေးတိုင်းမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇန်နဝါရီ ၃၁ ရက်အထိ ၁ လတာကာလအတွင်း စစ်မှုထမ်းဥပဒေကြောင့် မတရား ဖမ်းဆီးခံရသော လူငယ် ၂၃၇ ဦးထက်မနည်းရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုကနေ သိရပါတယ်။
ဒီစာရင်းဟာ မြေပြင်သတင်းမီဒီယာတွကို အခြေခံပြီး မန္တလေးမြို့ ၇ မြို့နယ်မှာ ကောက်ယူထားတဲ့ စာရင်းတွေဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။
ကောက်ယူထားတဲ့ စာရင်းတွေ အရ ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အောင်မြေသာဇံမြို့နယ် ၃၂ ဦး၊ ချမ်းအေးသာဇံမြို့နယ် ၂၇ ဦး၊ မဟာအောင်မြေမြို့နယ် ၄၆ ဦး၊ ချမ်းမြသာစည်မြို့နယ် ၃၀ ဦး၊ ပြည်ကြီးတံခွန်မြို့နယ် ၃၅ ဦး၊ အမရပူရမြို့နယ် ၃၃ ဦး၊ ပုသိမ်ကြီးမြို့နယ် ၃၄ ဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
“ဆက်တိုက်ကို ဖမ်းနေတာ အကြောင်းအမျိုးမျိုးနဲ့ပဲ၊ အမျိုးသမီးတွေ LGBT တွေလည်းဖမ်းတယ်။”လို့ မန္တလေး ဒေသခံ တဦးက New Day Myanmar ကိုပြောပါတယ်။
စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီးဖမ်းဆီးရာမှာ နေ့၊ ညအချိန်မရွေးဖမ်းဆီးတာ၊ ညအချိန်မတော် ဧည့်စာရင်းဥပဒေကိုအကြောင်းပြပြီး ဖမ်းဆီးတာ။ အလုပ်ပြန်လာတဲ့ အခြေခံလူတန်းစား လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ အပြင် ဆိုက်ဘာလုံခြုံရေးဥပဒေကို အကြောင်းပြုပြီး ဖုန်းတွကိုစစ်ဆေးပြီး မတရားဖမ်းဆီးတာ၊ ငွေတောင်းတာတွေကို စစ်ကောင်စီက လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လူငယ်တွေရော၊ ပြည်သူတွေအနေနဲ့ သတိရှိရှိနေထိုင်ကြဖို့ မန္တလေးသပိတ်အင်အားစုကက တိုက်တွန်းထားပါတယ်။