၄ မတ် ၂၀၂၆၊ New Day Myanmar
မန္တလေးမြို့မှာ စက်သုံးဆီ ဝယ်ယူဖို့ ကားနဲ့ ဆိုင်ကယ်အများအပြား ဆီဆိုင်တွေမှာ တန်းစီနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ချမ်းအေးသာစံမြို့နယ်နေ ပြည်သူတစ်ဦးက “မနေ့ကတည်းက ကောလာဟလတွေ ထွက်ပြီး ဆီဆိုင်တွေမှာ ကား၊ ဆိုင်ကယ်တွေ စပြီး တန်းစီနေကြတယ်။ ဒီနေ့တော့ စက်သုံးဆီ ချွေတာရေးကြေညာချက် ထုတ်လိုက်တော့ မနေ့ကထက် ပိုများလာတယ်” လို့ ပြောပါတယ်။
အောင်မြေသာဇံမြို့နယ်နေ ပြည်သူတစ်ဦးကလည်း မတ်လ ၇ ရက်ကစပြီး ကားနဲ့ ဆိုင်ကယ်တွေကို စုံဂဏန်း၊ မဂဏန်းခွဲပြီး လမ်းပေါ်ထွက်ရမယ်ဆိုတဲ့ သတင်းတွေကြောင့် လူတွေ ဆီဝယ်စုဆောင်းနေကြတာလို့ ဆိုပါတယ်။
“ဆီဆိုင်တွေမှာလည်း စုံဂဏန်း၊ မဂဏန်းနဲ့ ဆီဝယ်ရမယ်လို့ ကြားတယ်။ ဆီဆိုင်တွေဘက်ကတော့ ကောင်းပေမယ့် ပြည်သူအများစုက ဆိုင်ကယ်စီးပြီး အလုပ်သွားရတာဆိုတော့ အဲ့လိုခွဲလိုက်ရင် အလုပ်သွားလာရေး အဆင်မပြေဘူး။ ဆိုင်ကယ်တွေကိုတော့ လျော့ပေါ့ပေးစေချင်တယ်” လို့ သူက ပြောပါတယ်။
အီရန်နဲ့ အမေရိကန်၊ အစ္စရေးတို့ကြား စစ်ရေးပဋိပက္ခတွေကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု နှောင့်နှေးနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပစက်သုံးဆီ တင်ပို့မှုအပေါ် မူတည်နေတဲ့ နိုင်ငံတွေမှာလည်း စက်သုံးဆီမလုံလောက်မှု ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။


