Homeပြည်တွင်းသတင်းမန္တလေးမြို့ မြောက်ဘက်ပိုင်း ဗဟိုပြု ငလျင်လှုပ်ခတ် မြို့ခံတွေ နေအိမ်ပေါ်ကနေ အလန့်တကြား ပြေးဆင်းရ

မန္တလေးမြို့ မြောက်ဘက်ပိုင်း ဗဟိုပြု ငလျင်လှုပ်ခတ် မြို့ခံတွေ နေအိမ်ပေါ်ကနေ အလန့်တကြား ပြေးဆင်းရ

၃ ဖေဖော်ဝါရီ ၂၀၂၆

မန္တလေးမြို့ မြောက်ဘက်ပိုင်းကို ဗဟိုပြုပြီး ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက် နေ့လည် ၁၂ နာရီ ၄၀ မိနစ်ခန့်မှာ ငလျင်တစ်ကြိမ် လှုပ်ခတ်ခဲ့ရာ မြို့ခံတွေ နေအိမ်တွေနဲ့ တိုက်အမြင့်တွေကနေ အလန့်တကြား ပြေးဆင်းရတဲ့အထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက New Day Myanmar ကို ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်နေ မြို့ခံတစ်ဦးက “အတော်ကြမ်းတယ်၊ ဆွဲခါသွားသလို ခံစားရတယ်။ နှစ်ကြိမ်ဆက်တိုက် လှုပ်သွားပြီး တကြိမ်နဲ့တကြိမ် ကြားကာလ မကြာဘူး။ တိုက်အမြင့်တွေကနေ လူတွေ အကုန်ဆင်းပြေးကြရတယ်။ တမြို့လုံး လန့်ကုန်ပြီး မူးဝေကာ ထိုင်အန်နေတဲ့သူတွေတောင် ရှိတယ်” လို့ ပြောပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒဌာနကတော့ နောက်ဆက်တွဲ မြေငလျင်သတင်း အမှတ်စဉ် (၂၇၃) အဖြစ် ထုတ်ပြန်ပြီး ငလျင်ပြင်းအားကို ရစ်ခ်တာစကေး ၃.၉ အဆင့်သာရှိတယ်လို့ အသိပေးထားပါတယ်။

ဒါပေမယ့် နိုင်ငံတကာ မြေငလျင်စခန်းတွေကတော့ ငလျင်ဟာ မန္တလေးမြို့ နန်းရှေ့ ၁၉ လမ်း၊ ဖောင်တော်ဦးကျောင်းနဲ့ ရတနာပန်းခင်းအနီးကို ဗဟိုပြုပြီး မြေအောက်အနက် ၆ မိုင်ခန့်မှာ ပြင်းအား ၄.၂ အထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့နှစ် မတ်လ နောက်ဆုံးပတ်အတွင်း ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း မန္တလေးဒေသမှာ ငလျင်ငယ်တွေ မကြာခဏ ဆက်တိုက်လှုပ်ခတ်နေပြီး လက်ရှိအချိန်ထိ လှုပ်ခတ်မှု အကြိမ်ရေ ၃၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။

#မန္တလေးမြို့#မြောက်ဘက်#ငလျင်လှုပ်ခတ်#အလန့်တကြား#ပြေးဆင်း#NewDayMyanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး