မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်အကွက် ၆၄၄၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြား၊ ၇၉ လမ်းနဲ့ လမ်း ၈၀ ကြားမှာနေထိုင်တဲ့ အသက် ၁၉ နှစ်အ ရွယ် လူငယ်တစ်ဦးကို မနေ့က ဇူလိုင် ၃ရက် ည ၁၀ နာရီ ပတ်ဝန်းကျင်အချိန်လောက်မှာ စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ Voice Of Mandalay က မျှဝေထားတာတွေ့ရပါတယ်။
လာရောက်ဖမ်းဆီးခေါ်ဆောင်သူတွေဟာ အရပ်ဝတ် ဝတ်ဆင်ထားသူတစ်ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ မန္တလေးမြို့မှာစစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်မှုတွေ ပြန်လည်ပြုလုပ်လာပြီး ယခုရက်ပိုင်းအတွင်း လူငယ် ၃၀ ဦးနီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိတယ်လို့ သိရပါတယ်။
Voice Of Mandalay ရဲ့အချက်အလက်တွေအရ ဇွန် (၃၀) ရက်က ဟေမာတောင်ရပ်ကွက်က လူငယ်အမျိုးသား (၂) ဦး၊ ဇူလိုင် (၁) ရက်နေ့က မဟာအောင်မြေမြို့နယ် ၃၆လမ်း၊ ၆၉ လမ်းနဲ့ ၇၀ လမ်း ကြား၊ အောင်ချမ်းအေးရပ်ကွက်မှ အမျိုး သား (၂) ဦး၊ ဇူလိုင်လ (၂) ရက်နေ့က အောင်မြေသာစံမြို့နယ် ၈၆လမ်း၊ ၁၅ လမ်းနဲ့ ၁၆ လမ်းကြားမှာ လူငယ် (၁၉)ဦး ဖမ်းဆီးခေါ်ဆောင်ခံရတယ်လို့သိရပါတယ်။
ဒါ့အပြင် ဇူလိုင် (၂)ရက် မနက်ပိုင်းမှာလည်း အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်း၊ ၆၂ လမ်းအနီးမှာ လူငယ် (၂)ဦး၊ ဇူလိုင် (၃)ရက်နေ့မှာလည်း အောင်မြေသာစံမြို့နယ် ၈၆လမ်း၊ ၁၅ လမ်းနဲ့ ၁၆ လမ်းကြားမှာ လူငယ် (၁)ဦးတို့ကို ဖမ်း ဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဲ့ဒီလူငယ်တွေတွေဟာ စစ်မှုထမ်းအတွက် မဲပေါက်ထားတာမဟုတ်ဘဲ စာရင်းပြုစုပြီးတော့ လာခေါဆောင်တာဖြစ်ပြီး၊ လူငယ်တွေကို တပ်မ ၉၅ အတွင်းကို ပို့ဆောင်ထားတယ်လို့ Voice Of Mandalay က အသိပေးထားပါတယ်။
“ဟိုလမ်းမှာခေါ်သွားတယ်။ ဒီလမ်းမှာပါသွားတယ်လို့တော့ ကြားနေတာဘဲ။ ကျွန်တော်တို့နေတဲ့ မြို့နယ်မှာတော့ မကြားမိသေးဘူ။ ယာဉ်စစ်ဆေးတာတွေတော့ရှိတယ်။ ညဘက်လာခေါ်တယ်ဆိုတော့ ဘယ်သူမှလည်းသိမှာမဟုတ်ဘူးလေ။ သူနေတဲ့ပတ်ဝန်းကျင်လောက်ဘဲသိကြမှာပေါ့။ ဒီသတင်းကလည်း ဟုတ်နေလို့ တဆင့်စကားတဆင့် သိကုန်ကြတာပါ”ဟု ပုသိမ်ကြီးမြို့နယ်အတွင်းနေထိုင်သူဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ဒဏ်ခံစားရပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ အခုလို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေ လုပ်ဆောင်လာတာဖြစ်တယ်လို့ ဒေသခံတွေထံက စုံစမ်းသိရှိရပါတယ်။
ပုံစာ – ၂၀၂၅ ခုနှစ် မတ်လအတွင်းက မန္တလေးမြို့မှာ စစ်မှုထမ်းအတွက် လိုက်လံကြေညာနေစဉ်


