မန္တလေးမြို့မှာ ဒီကနေ့ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက မဲပေးခွင့်ရှိသူစာရင်းတွေစတင် ကြေညာထားပေမဲ့ လာရောက်ကြည့်ရှု့သူ မရှိသေးဘူးလို့ မန္တလေးမြို့ခံအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက New Day Myanmar ကိုပြောပါတယ်။
“ဒီမနက် ၁၂ နာရီအထိ လာကြည့်တာမျိုးမရှိသေးဘူးဗျ၊ အချို့ကလည်းမသိတာ အချို့ကလည်း အလုပ်သွားနေကြတာမျိုးတွေကြောင့်ထင်ပါတယ်။ အချိန်တွေရှိပါသေးတယ်”လို့ သူက ဆိုပါတယ်။
ဒီကနေ့ မဲစာရင်းတွေ စတင်ကြေညာမယ်လို့ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက အသိပေးချက်ထွက်လာပြီးနောက်မှာ မန္တလေးမြို့မှာ စတင်ကြေညာခဲ့တာဖြစ်ပြီး၊ ရန်ကုန်မြို့နဲ့ အခြားမြို့တွေမှာတော့ မဲစာရင်းကိစ္စအတွက် ငြိမ်သက်နေတယ်လို့ ရန်ကုန်မြို့ခံတဦးက ဆိုပါတယ်။
“ကပ်တာတော့ကပ်မှာပါ။ ဒါပေမယ့် ရန်ကုန်မှာတော့ ဘာသံမှမထွက်သေးဘူး။ မြို့ထဲဘက်တော့ ဒီမနက် လိုက်ကြေညာနေသံကြားတယ် “လို့ ရန်ကုန် ရွေးကောက်ပွဲအခြေအနေကို စောင့်ကြည့်နေသူတဦးကလည်း ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေဟာ မနေ့က စက်တင်ဘာ ၂၉ ရက် ညပိုင်းမမှာ ကားတွေနဲ့ မဲစာရင်းလာကြည့်ကြဖို့ လိုက်အော်ခဲ့တယ်လို့ သိရပါတယ်။
မနေ့က စစ်ကော်မရှင်ရဲ့ ကြေညာချက်မှာမဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိ အမည် မဲစာရင်းမပါဝင်ခဲ့ရင် ပုံစံ ၃ နဲ့ အမည်ထည့်သွင်းပေးဖို့ တောင်းဆိုတဂာ ၊ မပါဝင်သင့်သူတွေ
ပါဝင်နေရင် ပုံစံ ၄နဲ့ ကန့်ကွက်တာ၊ မဲစာရင်းပါ အချက်အလက်တွေမှားယွင်းနေရင် ပုံစံ ၄-ဂ နဲ့ ပြင်ဆင်လွှာ တင်သွင်းတာတွေကို ဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။
အရပ်သားအစိုးရလက်ထက်၂၀၂၀ ပြည့်နှစ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအ တွက် မဲစာရင်းကိုတော့ ပြည်သူတွေဟာ တက်ကြွစွာနဲ့ မဲစာရင်းလာကြည့်ခဲ့ကြပြီး မဲစာရင်းမှာမပါရင်တောင် ပုံစံ ၄-ဂ နဲ့ လျှောက်ထားခဲ့ကြပါတယ်။
ဓာတ်ပုံ-CJ


