၁ ဖေဖော်ဝါရီ ၂၀၂၆
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း သေနတ်အသုံးပြုပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၁ ရက် ည ၈ နာရီဝန်းကျင်က မဟာအောင်မြေအနောက်ရပ်ကွက်၊ ၈၄ လမ်း၊ ၄၁ × ၄၂ လမ်းကြားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရေခဲမုန့်ဆိုင်ဖွင့်လှစ်ထားတဲ့ မဟန်ထက်စိုးစံနဲ့ မိခင်ဖြစ်သူတို့ ဆိုင်ပိတ်ပြီး နေအိမ်ပြန်ရန် ပြင်ဆင်နေချိန်မှာ အမျိုးသား ၂ ဦး ဆိုင်အတွင်း ဝင်ရောက်လာပြီး ဆိုင်ကယ်ကို အတင်းအကျပ် လုယက်ခဲ့တာဖြစ်ပါတယ်။
ဆိုင်ကယ်ကို လုမသွားနိုင်အောင် မဟန်ထက်စိုးစံက ပြန်လည် ဆွဲယူရာမှာ လုယက်သူ အမျိုးသားတစ်ဦးက သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့ပြီး မဟန်ထက်စိုးစံဟာ လက်နဲ့ ခြေထောက်တို့မှာ ဒဏ်ရာရရှိခဲ့ပါတယ်။ လုယက်သူတွေကတော့ ဆိုင်ကယ်ကို မရရှိဘဲ ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ်ကို ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားချိန်ဟာ လူသွားလာမှု မပြတ်သေးတဲ့ အချိန်ဖြစ်ပြီး လုယက်သူတွေက အတင်းဝင်ရောက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အနီးနားနေထိုင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က အနီးပတ်ဝန်းကျင် CCTV မှတ်တမ်းတွေကို စုဆောင်းပြီး လုယက်သူတွေကို ဖမ်းဆီးနိုင်ရေး စုံစမ်းနေပါတယ်။
ဒီဖြစ်စဉ်နဲ့အတူ မန္တလေးမြို့ပေါ်မှာ ဇန်နဝါရီ ၃၀ ရက်ကစပြီး ဖေဖော်ဝါရီ ၁ ရက်ညပိုင်းအထိ လူငယ်တွေကို ည ၇ နာရီဝန်းကျင်မှာ အိမ်စီးကား၊ ပရဟိကားတွေသုံးပြီး လိုက်လံဖမ်းဆီးတာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေအဆိုအရ အရင်ကလို အရပ်ဝတ်စစ်သားတွေ၊ ပျူစောထီးတွေက ပေါ်တာဆွဲတဲ့ ပုံစံမဟုတ်တော့ဘဲ လူမိုက်တွေ၊ ဆေးသမားတွေ အုပ်စုဖွဲ့ပြီး လူငယ်တွေကို ဖမ်းဆီးကာ မိဘတွေထံ ငွေညှစ်တာ၊ တချို့ကိုတော့ စစ်မှုထမ်း လူစားထိုးအဖြစ် ရောင်းစားတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၃၀ ရက် ည ၈ နာရီဝန်းကျင်မှာလည်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်အနီးမှာ လူငယ်တစ်ဦးကို Nissan AD Van ကားနဲ့ ဆွဲတင်ဖမ်းဆီးသွားပြီး သိန်း ၁၀၀၀ နဲ့ ရွေးခိုင်းခဲ့ရာ နောက်ဆုံးမှာ သိန်း ၅၀၀ ပေးပြီးမှ ပြန်လွတ်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့တွင် လူပျောက်တိုင်ကြားမှုတွေကိုလည်း ရဲစခန်းဘက်က ချက်ချင်း အမှုဖွင့်မပေးဘဲ စစ်မှုထမ်းပေါ်တာဆွဲခံရမှု ဟုတ်မဟုတ် စစ်ဆေးခိုင်းနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မယ့် စစ်မှုထမ်း အပတ်စဉ် (၂၂) အတွက် စစ်ကော်မရှင်နဲ့ ပျူစောထီးတွေက ဖမ်းဆီးမှုတွေကို ပိုမို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ မန္တလေး ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဓာတ်ပုံ – သေနတ်ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့တဲ့ မဟန်ထက်စိုးစံ


