၂၆ ဒီဇင်ဘာ၊ ၂၀၂၄
မန္တလေးမြို့၊ ဒိုင်းမွန်းပလာဇာအနီး ၇၇ လမ်း၊ ၃၂ နဲ့ ၃၃ ကြားက နဂါးနန်းတော်ရွှေဆိုင် ဒီဇင်ဘာ ၂၆ ရက် မနက် ၈နာရီ ၅၀မိနစ် ဝန်းကျင်က ဓားပြတိုက်ခံရပြီး ရွှေသားနဲ့ ငွေကြေးတွေ ပါသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့ ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့ ၊ ၇၇ လမ်း ၃၂ ၊ ၃၃ ကြားက နဂါးနန်းတော်ရွှေဆိုင်ကို 110 wave ဆိုင်ကယ်စိမ်း/ဖြူရောင်နဲ့ အမျိုးသား ၂ ဦးက သေနတ် အတို ၁လက်၊ အရှည် ၁ လက်ကိုင်ဆောင်ထားပြီး ဓါးပြတိုက်သွားခဲ့တယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။
“ရွှေတပိဿာကျော်ပါသွားတယ်လို့ အဲ့နားက လူတွေက ပြောကြတယ်။ မသေချာသေးပါဘူး၊ ဒီထက်အများကြီးလည်း ပိုနိုင်တယ်။ ဖြစ်တဲ့နေရာကို ရဲတွေ စစ်သားတွေ ရောက်လာတယ်” လို့ မြို့ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
မန္တလေးမြို့မှာ စစ်ကောင်စီလုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ရွှေဆိုင်တွေကို ဓားပြတိုက်မှုတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၁၀ရက်က ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေဝင်းရဲ့ နေအိမ်ကို လူ ၇ ဦးက သေနတ်တွေနဲ့ ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ်သိန်း ၁,၀၀၀ ဝန်းကျင်ကိုယူဆောင်သွားပါတယ်။
ဒီဇင်ဘာ ၁၈ ရက်ကလည်း ၇၇လမ်းမပေါ်၊ ၃၆ လမ်းနှင့် ၃၇လမ်းကြားက ရွှေစင်အကယ်ဒမီရွှေဆိုင်ကို ဆိုင်ကယ် ၁ စီးဖြင့် အမျိုးသား ၃ဦးက ပစ္စတိုသေနတ် ၂ လက်ကိုင်ဆောင်ပြီး ရွှေလေးပိဿာကျော်ကို ယူဆောင်သွားပါတယ်။
ဓာတ်ပုံ – Citizen