Homeပြည်တွင်းသတင်းမန္တလေးတိုင်းလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦး အိုးဘိုအကျဉ်းထောင်အတွင်း ကွယ်လွန်

မန္တလေးတိုင်းလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦး အိုးဘိုအကျဉ်းထောင်အတွင်း ကွယ်လွန်

၂၇ ဇွန်၊၂၀၂၅

မန္တလေးတိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးဟာ ဒီကနေ့ ဇွန် ၂၇ ရက် နံနက်ပိုင်းမှာ အိုးဘိုအကျဉ်းထောင် အတွင်း ကွယ်လွန်ခဲ့တယ်လို့ ဦးအောင်ကျော်ဦးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဦးအောင်ကျော်ဦးဟာ ရုတ်တရက်အ မောဖောက်ရာကနေ အကျဉ်းထောင်အတွင်းဆေးရုံကို ပို့ဆောင်စဉ်မှာဘဲ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ကနဦးသိထားရပြီး၊ ဘာ့ကြောင့် သေဆုံးတယ်ဆိုတာကိုတော့ NewDay Myanmar အနေနဲ့ အတည်ပြုနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာဘဲ ဦးအောင်ကျော်ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပြီး၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအက်ဥပဒေ ပုဒ်မ ၂၅ တို့နဲ့ အမှုဆင် တရားစွဲကာ ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် (၅)နှစ်ချမှတ်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အသက် (၆၀)ခန့်အရွယ် ဦးအောင်ကျော်ဦးဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ပုသိမ်ကြီးမြို့နယ် အမှတ်(၁)တိုင်း‌ဒေသကြီးလွှတ် တော် မဲဆန္ဒနယ်မြေကနေ ရွေး ကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး၂၀၁၆- ၂၀၂၁ လွှတ်တော်သက်တမ်းအတွင်း မန္တလေးတိုင်းလွှတ်တော် ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း မှာ ဆေးဝါး လုံလောက်မှုမရှိတာ၊ ကုသခွင့်မရတာတွေကြောင့် နိုင်ငံရေး အကျဉ်း သားအချို့ အသက်ဆုံးရှုံးခဲ့မှုများရှိနေပြီး ၊ နိုင်ငံ‌အကျဉ်းသား (၁၁) ဦးအထိ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန် ရက် (PPNM) က ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလအတွင်း စစ်ကောင်စီက အိုးဘိုအကျဉ်းထောင်အတွင်း မတရားဖမ်းဆီး ထောင်ချခံထားရတဲ့ မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ပြည် ထောင်စုအစိုး ရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးတို့ ကွယ်လွန်ခဲ့ပါသေးတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး