မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ပြီး မန္တလေးတက္ကသိုလ် အဆောက်အဦးပြိုကျပြီး မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်းခန့် ပျက်စီးသွားခဲ့ပါတယ်။
မီးလောင်မှုအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေ ပျက်စီးသွားခဲ့တဲ့အတွက် မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့နေပြည်တော်တို့မှာ စာမေးပွဲ ပြန်ဖြေရမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။
“စာမေးပွဲကပြန်ဖြေရမှာ။ အကုန်လုံးကို အအောင်ပေးဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ။ အဲဒါကြောင့် ပြန်ဖြေခိုင်းတာ။ မေလလောက်တော့မှန်းထားတယ်” လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဌာနက Non CDM ဝန်ထမ်းတဦးက New Day Myanmar ကိုအတည်ပြုပြောပါတယ်။
မတ် ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးခဲ့တာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ မီးလောင်မှုများ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိနေတဲ့ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်တဲ့ မန္တလေး တိုင်းဒေသကြီးက ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦးရဲ့အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးက ဖြေဆိုသူဦးရေ ၇၃၁၁ ဦးရဲ့ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင် ပြည်နယ်က ဖြေဆိုသူဦးရေ ၈၆၉၉ ဦးရဲ့ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ် စုစုပေါင်း အဖြေလွှာ ၄ သိန်းဝန်းကျင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။