၂၂ ဒီဇင်ဘာ၊ ၂၀၂၄
မတရားဖမ်းဆီး အကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ သူမရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ္စ က တောင်းဆိုလိုက်ပါတယ်။
ကင်မ်က သူ့မိခင်မှာ အသက် ၇၉ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဆိုးဝါးလှတဲ့ မြန်မာအကျဉ်းထောင်တွေမှာ ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်နေရတယ်လို့ The Independent သတင်းစာကို ပြောဆိုလိုက်ပါတယ်။
“မေမေဟာ ပင်ပန်းနွမ်းနယ်ပြီး ကျန်းမာရေးမကောင်းတဲ့အတွက် သူ့ကို ပြန်လွှတ်ပေးဖို့ အလေးအနက် မေတ္တာရပ်ခံတောင်းပန်ပါတယ်။ သူ့အဖေဟာ သူ့နိုင်ံငံကို လွတ်လပ်ရေးယူပေးပြီး အသက်ဆုံးပါးသွားခဲ့တယ်၊ သူကလည်း သူ့ဘဝတလျှောက်လုံး သူ့ပြည်သူတွေအတွက် အခြေခံလူ့အခွင့်အရေးတွေ ပေးနိုင်ဖို့ စတေးထားခဲ့တာပါ”လို့ ကင်မ်က ပြောဆိုသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း သုံးဦးစုပေါင်းပြီး တောင်းဆိုစာထွက်ပေါ်လာပြီးတဲ့နောက်မှာ ကင်မ်က သူ့အမေကို မေတ္တာရပ်ခံ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး သုံးဦးရဲ့စာထဲမှာ သူမဟာ နှစ်ပေါင်းများစွာ ဆိုးဝါးတဲ့ အခြေအနေနဲ့ ချုပ်နှောင်ခံရ ၊ စွပ်စွဲအကျဉ်းချခံနေရတာဖြစ်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ တိုင်းပြည်ကို ဦးဆောင်ဖို့ ထိုက်တန်တယ်လို့ ဖော်ပြထားပါတယ်။
“မေမေဟာ သူ့တိုင်းပြည်ရဲ့ လွတ်လပ်မှုရဖို့နဲ့ အာဏာရှင်ကို တိုက်ထုတ်ဖို့ သူ့ဘဝကို မြှုပ်နှံထားပါတယ်။ တရားမျှတတဲ့ တရားစီရင်မှုမရှိဘဲ ချုပ်နှောင်ခံထားရတာ ကြာပါပြီ၊ ဒါပေမယ့် နှစ်ပေါင်းများစွာ သူ့ကို ချုပ်နှောင်ထားလည်း သူမရဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီရရှိဖို့နဲ့ လွတ်လပ်ဖို့ ကြိုးစားအားထုတ်မှုတွေဟာ မယိမ်းယိုင်သွားပါဘူး” လို့ ကင်မ်က ဆိုပါတယ်။
“မေမေ့ကျန်းမာရေးအတွက်ဆုတောင်းပေးနေသလိုပဲ အသက် ၈၀ပြည့်မွေးနေ့မှာတော့ လွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်။ သူဟာ ဘဝရဲ့ လေးပုံတစ်ပုံက စစ်တပ်ချုပ်နှောင်ခံပြီး ဖြတ်သန်းရတာ။ သူဟာကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုတို့ရဲ့အမေဖြစ်သလို တိုင်းပြည်ရဲ့ မိခင်ပါပဲ” လို့ ကင်မ်က ပြောဆိုသွားပါတယ်။
၂၀၁၅ ခုနှစ်မှာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုခေါင်းဆောင် နိုဘယ်လ်ဆုရှင်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် အရပ်ဘက်နဲ့ စစ်ဘက်ကို မဟာမိတ်ဖြစ်လာစေဖို့ ပူးပေါင်းရေးဆောင်ရွက်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းဖို့ ဖမ်းဆီးခံနေရပါတယ်။ သူမဟာ ရှေ့နေအဖွဲ့အပါအဝင် ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မရတာ နှစ်နှစ်နီးပါး ရှိနေပြီ ဖြစ်ပါတယ်။
Photo – The New York Times