ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်ကျေးရွာအလယ်ပိုင်းမှာ နေထိုင်တဲ့ လူငယ်ကျောင်းသား ၂ ဦးအပါအခြား အသက်၂၀ခန့်အရွယ် လူငယ်တဦးကို ပွဲစားဖြစ်သူက အလုပ်ရမယ်လို့မျှားခေါ်ကာ စစ်တပ်ဆီမှာရောင်းစားခဲ့တယ်လို့ Rangoon Scout Networkက အသိပေးဖော်ပြထားပါတယ်။
လူငယ်တွေဟာ အလုပ်ရှာရာကနေပွဲစားနဲ့ ချိတ်ဆက်မိပြီး၊ အဲ့ဒီပွဲစားက ချိန်းဆိုတာကြောင့် နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေဘက်မှာ မင်္ဂလာဒုံ ဝါယာလက်ဘက်ကိုသွားရောက်တွေ့ဆုံကြပြီးနောက် မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ စစ်တပ်ဆီကို ရောင်းစားခံလိုက်ရတဲ့လူငယ်တွေဟာ မိသားစုဆီကိုဆက်သွယ်လာကြပြီး ပဲခူးတိုင်း၊ တောင်ငူမြို့မှာရှိတဲ့ စစ်တပ်စခန်းတခုထဲ ရောင်းစားခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
လူငယ်တွေကို ဝယ်ယူထားတဲ့ တပ်က ကျောင်းသား ၂ ဦးအား တဦးကို ကျပ်သိန်း ၄၀ စီနဲ့ပြန်ရွေးနိုင်ကြောင်းနဲ့ အခြားအသက် ၂၀နှစ်ဝန်းကျင် လူငယ်ကိုတော့ပြန်မလွှတ်ပေးတော့ဘူးလို့ပြောဆိုတယ်လို့ Rangoon Scout Networkက ဖော်ပြထားချက်အရ သိရပါတယ်။
အဲ့ဒီလူငယ်တွေရဲ မိသားစုဝင်တွေဟာ ပစ္စည်းဥစ္စာချို့တဲ့ကြသူတွေဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဓာတ်ပုံ-စကစ (ပုံအဟောင်း)


