Homeပြည်တွင်းသတင်းမင်းအောင်လှိုင် မန္တလေးမြို့ရောက်နေချိန် PDF များ သပိတ်ကျင်းမြို့ ကိုသိမ်းပိုက်

မင်းအောင်လှိုင် မန္တလေးမြို့ရောက်နေချိန် PDF များ သပိတ်ကျင်းမြို့ ကိုသိမ်းပိုက်

ရန်ကုန်၊ ဩဂုတ် ၂၆

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်မှာ နောက်ဆုံးကျန်နေတဲ့ သပိတ်ကျင်းမြို့ကို ဩဂုတ်လ ၂၅ ရက်မှာ သိမ်းပိုက်လိုက်နိုင်ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ဩဂုတ် ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သပိတ်ကျင်းကို သိမ်းပိုက်လိုက်ချိန်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးတိုင်းကိုရောက်ရှိနေချိန်လည်း ဖြစ်ပါတယ်။

သပိတ်ကျင်းမြို့ကို တော်လှန်ရေးအင်အားစုတွေက ဩဂုတ်လ ၁၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ရက်အကြာ ဩဂုတ်လ ၁၉ ရက်မှာ မြို့ကိုသိမ်းပိုက်နိုင်တာပါ။

ဒါ့အပြင် ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံရှင်းလင်းပစ်ပြီး ဩဂုတ်လ ၂၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ခဲ့ပါတယ်။ သပိတ်ကျင်း မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီအင်အား ၁၃၀ ဦး ဝန်းကျင်ကိုတိုက်ခိုက်နိုင်ပြီး စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီး စိုးမင်းသူကို လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

လက်နက်မျိုးစုံ ၆၈ လက်၊ ကျည်မျိုးစုံ ၁၈,၆၆၉ အပြင် ဗုံးသီးမျိုးစုံ ၄၂ လုံး၊ RPG ဗုံးသီး ၃၆ လုံး၊ Jammer သုံးလုံး၊ ဆက်သွယ်ရေးစက် တစ်ခုနဲ့ လူသုံးကုန်၊ စက်ပစ္စည်းတချို့ သိမ်းဆည်းရမိတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ကျော်၊ Y 12 ဖြင့် ဗုံးသီး ၁၅၀ ကျော် ကြဲချ ခုခံခဲ့တဲ့အပြင် Mi 35 နှစ်စီးနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံးရဲ့ ကွပ်ကဲမှုနဲ့ ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁၊ ၂ ၊ အမှတ် ၅၀၉၊ ၅၁၀၊ ၅၁၂ တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့မှတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၄ ဦးကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြင်ဦးလွင်ခရိုင်မှ မတ္တရာမြို့နယ်ကို အောင်မြေသာစံခရိုင်အတွင်းသို့လည်းကောင်း၊ သပိတ်ကျင်း၊ မိုးကုတ်၊ စဥ့်ကူး စတဲ့မြို့နယ်တွေကို သပိတ်ကျင်းခရိုင်အဖြစ်လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။

အရင်က သပိတ်ကျင်းမြို့ဟာ ပြင်ဦးလွင်ခရိုင်ကဖြစ်ပြီး အခု သပိတ်ကျင်းမြို့ကိုသိမ်းပိုက်လိုက်တာကြောင့် သပိတ်ကျင်းခရိုင်တစ်ခုလုံး တော်လှန်ရေးအင်အားစုတွေလက်အောက်ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read