၆ ဖေဖော်ဝါရီ ၂၀၂၆
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို ရန်ကုန်တက္ကသိုလ်က “ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့” ပေးအပ်လိုက်တာဟာ စစ်အုပ်စုကို မျက်နှာချိုသွေးပြီး ဘွဲ့တံဆိပ်နဲ့ တံစိုးလက်ဆောင်ပေးလိုက်တာနဲ့ မခြားဘူးလို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရကသ) က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် ကျောင်းသားပြည်သူတွေရဲ့ သွေးစွန်းနေတဲ့ စစ်ရာဇဝတ်တရားခံတစ်ဦး ဆင်မြန်းလိုက်တဲ့ ဘွဲ့ဝတ်ရုံနဲ့ ဘွဲ့လက်မှတ်ဟာ ဂုဏ်သိက္ခာကင်းမဲ့သလို ဘွဲ့နှင်းသဘင်ခန်းမတခုလုံးမှာပါ သွေးညှီနံ့တွေ လှိုင်နေပြီလို့လည်း ရကသ က ထုတ်ပြန်ပြောဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ခန့်အပ်ထားတဲ့ ပညာရေးဝန်ကြီး ချောချောစိန်နဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်တို့ဟာ ကိုယ့်ရာထူးတည်မြဲဖို့အတွက် စစ်အာဏာရှင်ကို ဘွဲ့ဝတ်ရုံဆင်ပေးလိုက်တာဖြစ်ပြီး ဒီဖြစ်ရပ်ဟာ စစ်ကျွန်ပညာရေးစနစ်ရဲ့ သရုပ်သကန်ကို ထင်ရှားစွာ ဖော်ပြနေတယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာရှင်စနစ် ရှိနေသရွေ့ စစ်ကျွန်ပညာရေးစနစ်က သက်ဆိုးရှည်နေမယ့်အတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမှသာ ပြည်သူအားလုံးနဲ့ ထိုက်တန်တဲ့ ဒီမိုကရေစီပညာရေးစနစ်ကို တည်ဆောက်နိုင်မယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ဖော်ပြောကြားထားပါတယ်။
ဓာတ်ပုံ – စစ်ကော်မရှင်


