၂၆ စက်တင်ဘာ၊ ၂၀၂၄
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မိုးသည်းထန်နေတာကြောင့် တောင်ကျရေ ရုတ်တရက်စီးဆင်းပြီး မင်းတပ် မြို့နယ်နဲ့ မကွေးတိုင်း၊ ယောမြို့နယ်အစပ်က စစ်ဘေးရှောင်စခန်းတစ်ခုက သားအမိ နှစ်ဦးရေထဲမျောပါ သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
ဒီနေ့ စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းက တောင်ကျရေတွေ ရုတ်တရက်စီးဆင်းလာပြီး စစ်ရှောင်စခန်း တစ်ခုက အသက် ၃ နှစ်အရွယ်ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ ရေထဲမျောပါသွားတာကို အတူနေ စစ်ရှောင်တွေ ဝိုင်းပြီး ဆွဲကြပေမဲ့ ကယ်ဖို့ အချိန်မမှီဘူးလို့ သိရပါတယ်။ မိသားစုဝင်တွေထဲမှာ ကလေးရဲ့ဖခင်ဖြစ်သူနဲ့ ၁၃ နှစ်အရွယ်ကလေးတစ်ဦး ကျန်ခဲ့တယ်လို့ သိရပါတယ်။
ယောနယ်ထဲမှာလည်း မင်းတပ်ဒေသဘက်က စစ်ရှောင်တွေ နေတဲ့နောက်ထပ် စစ်ရှောင်စခန်းတစ်ခုလည်း ဒီမနက် တောင်ကျရေကြောင့် နေအိမ်အတော်များများ ပျက်စီးခဲ့ပါတယ်။ ဒီစစ်ရှောင်စခန်း ၂ ခုမှာ နေထိုင် သူတွေဟာ မင်းတပ်မြို့နယ်အတွင်း လေကြောင်းအန္တရာယ်နဲ့ လက်နက် ကြီးပစ် ခတ်မှုတွေကြောင့် စစ် ရှောင် နေသူတွေ ဖြစ်ပါတယ်။
စစ်ရှောင်စခန်းရှိတဲ့နေရာတွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီး ဖုန်းနဲ့ အင်တာနက်လဲ ဆက်သွယ်လို့မရဘူးလို့ သိရပါတယ်။ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်မှာ မင်းတပ်မြို့ပေါ်က လူနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက် စီးနေကြပါတယ်။
မင်းတပ်မြို့ အရှေ့ပြင် MPT ရုံးနဲ့ နမ့်ထာ ရပ်ကွက်ဘက်သွားတဲ့ကြားလမ်းက လူနေအိမ်တွေ ၅ အိမ်ထက်မနည်း မီးလောင်နေပြီး နောက်ထပ်အိမ်တွေကို မီးကူးစက်နေတယ်လို့ သိရပါတယ်။
ပုံစာ – မင်းတပ်မြို့က စစ်ရှောင်စခန်း တောင်ကျရေနစ်မြုပ်မှုနဲ့ လက်ရှိ မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးနေတဲ့လူနေအိမ်များ
Photo – CJ