Homeပြည်တွင်းသတင်းမင်းတပ်မြို့ကို ၃ ရက်ဆက်တိုက်လေကြောင်းက ဗုံးကြဲနေတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်

မင်းတပ်မြို့ကို ၃ ရက်ဆက်တိုက်လေကြောင်းက ဗုံးကြဲနေတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်

၁၁ နိုဝင်ဘာ၊ ၂၀၂၄

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်နေတဲ့အပြင် ခလရ ၂၇၄တပ်ရင်းက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့ အရှေ့ပြင်ရပ်၊ မင်းတပ်ဟိုတယ် အောက်ဘက်နားက လူနေအိမ်တွေ မီးလောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မင်းတပ်မြို့ပေါ် တိုက်ပွဲဟာ နိုဝင်ဘာ ၉ ရက်မှာစတင်ခဲ့တာဖြစ်ပြီး ချင်းညီနောင်တပ်ဖွဲ့ဝင်များနဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က နေ့တိုင်း လေကြောင်းပစ်ကူပေးခြင်း၊ လေကြောင်းက ဗုံးသီးများကြဲချခြင်းတို့ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“၁၀ရက်နေ့ ညသန်းခေါင်ထဲက Y12 လေယာဉ်နဲ့ လက်နက်တွေ ရိက္ခာတွေ၊ ဒရုန်းဗုံးသီးတွေ စစ်တပ်က လေထီးနဲ့ ၁၀ထုပ်လောက်ပစ်ချပေးတယ်။ ဗဟိုကင်းရှေ့တချို့ကျပြီး ၃မိုင်လမ်းခွဲနားတချို့ အထုပ်တွေ ကျတယ်။အထုပ်တွေမှာ အချက်ပြမီးတွေလည်း ပါတယ်” လို့ မင်းတပ်ဒေသခံတစ်ယောက်က လူမှုကွန်ယက်မှာ တင်ထားပါတယ်။

နိုဝင်ဘာ ၉ရက်မှာ လေကြောင်း တိုက်ခိုက်မှု ၆ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၁၀ရက် မနက်စောစောမှာလည်း ဗုံးသီး အလုံး ၅၀ ကျော် ကြဲချခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁၁ ရက်မှာလည်း ဗုံးသီးတွေ ကြဲချနေတာ အလုံးရေ ရာချီနိုင်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ဗုံးသီးက အလုံး ၈၀ ၉၀ လောက်တောင် ရှိနိုင်တယ်။ လက်နက်ကြီးကျည်ကျတဲ့နားမှာ ဟိုတယ်ကော၊ ခရစ်ယာန်ဘုရားကျောင်းကော ရှိတယ်။ တမင်ပစ်တာ ဖြစ်နိုင်ပါတယ်။ အိမ်တွေလည်း မီးရှို့နေကြတာ တိုက်ပွဲတွေ စထဲက” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။ ချင်းညီနောင်မဟာမိတ်ဖြစ်တဲ့ မင်းတပ် CDFက မင်းတပ်မြို့သိမ်း တိုက်ပွဲ စစ်ဆင်ရေး ဖော်ဆောင်မယ့် အကြောင်း အသိပေးကြေညာထားပြီး ဖြစ်ပါတယ်။

ပုံစာ – နိုဝင်ဘာလ ၁၁ ရက် လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းတပ်အရှေ့ပြင်လူနေအိမ်တွေ မီးလောင်နေစဉ် Photo – HKL mindat

ဆက်စပ် သတင်းများ

Most read