Homeဆောင်းပါးမင်းဆိုးမင်းညစ်ဘေးသင့်နိုင်ငံ (အယ်ဒီတာ့ အာဘော်)

မင်းဆိုးမင်းညစ်ဘေးသင့်နိုင်ငံ (အယ်ဒီတာ့ အာဘော်)

၂၅ စက်တင်ဘာ၊ ၂၀၂၄

ရေ၊ မီး၊ သူခိုး၊ မွေခံဆိုးနှင့် မင်းဆိုးအပြားရယ်လို့ ရန်သူမျိုး ၅ ပါးသတ်မှတ်ထားကြပါတယ်။ ဒီရန်သူမျိုး ၅ ပါးကို ကပ်ဘေးတွေလို့သတ်မှတ်ထားကြပြီး ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ မြန်မာနိုင်ငံမှာ ရန်သူမျိုး ၅ ပါးထဲက ၁ မျိုးဖြစ်တဲ့ရေဘေးနဲ့ကြုံတွေ့ခဲ့ကြရပါတယ်။

တိုင်းနဲ့ပြည်နယ်အနှံ့မှာ ရေကြီးရေလျှံမှုတွေကြုံတွေ့ခဲ့ရပေမဲ့ နိုင်ငံကိုအဓမ္မသိမ်းယူထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ဗုံးကြဲ၊ သတ်ဖြတ်ဖို့ကလွဲရင် ကယ်ဆယ်ရေးကိုတော့ ဘာမှတွင်တွင်ကျယ်ကျယ်လုပ်တာ မတွေ့ခဲ့ရပါဘူး။

စစ်ကောင်စီအာဏာသိမ်းစက ဟစ်ကြွေးခဲ့ကြတဲ့ “ငါတို့မှာငါတို့ပဲရှိတယ်” ဆိုတဲ့ဆောင်ပုဒ်အတိုင်း အချင်းချင်းကူညီနေကြရုံသာရှိပါတယ်။ ဒါတောင် တချို့ဒေသတွေကိုသွားရောက်ကူညီချင်ပေမဲ့ အကြမ်းဖက်စစ်တပ်ရဲ့ကန့်သတ်မှုတွေနဲ့ကြုံတွေ့ခဲ့ကြရပါတယ်။

လူတွေလည်း ထောင်နဲ့ချီသေဆုံးမှုတွေရှိနေပြီ။ မကြာခင်မှာ ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှော စတဲ့ ရေဘေးကြုံရပြီးနောက်ပိုင်း ရောဂါတွေအတွက်ဆို စစ်တပ်ဟာ ဘာမှကြိုတင်ပြင်ဆင်ထားတာမရှိပါဘူး။

စစ်တပ်ဟာ ပြည်သူတွေကို ခေတ်အဆက်ဆက်မှာ အမြတ်ထုတ်ဂုတ်သွေးစုပ်ဖို့၊ အနိုင်ကျင့်နှိပ်စက်၊ သတ်ဖြတ်ဖို့ကိုသာ အစဉ်တစိုက်ကြိုးပမ်းခဲ့တာဖြစ်ပြီး ဒီဒဏ်ကိုလည်း မြန်မာပြည်သူတွေ လှိမ့်နေအောင်ခံစားနေခဲ့ကြတာပါ။

တကယ်ဆိုရင် မြန်မာပြည်သူတွေဟာ ဒီ ၃ နှစ်တာကာလအတွင်းမှာ ရန်သူမျိုး ၅ ပါးလုံးကိုဆက်တိုက် ကြုံတွေ့ခဲ့ရတာပါ။

စစ်အာဏာရှင်မင်းဆိုးမင်းညစ်ဘေးကြောင့် ကျန်တဲ့ရန်သူမျိုး ၄ ပါးကိုပါ ပြည်သူတွေဟာ ပိုမိုပြင်းထန်စွာ ခံစားနေကြရတာဖြစ်ပါတယ်။

မြန်မာပြည်သူအများစုဟာ အာရုံလွှဲရအင်မတန်လွယ်ကူကြောင်းကိုနားလည်သိရှိထားတဲ့ စစ်အာဏာရှင်တွေဟာ အတင်းအဖျင်းသတင်းတွေပေါင်းစုံ၊ အဖြစ်အပျက်ပေါင်းစုံနဲ့ အာရုံလွှဲသွေးထိုးလေ့ရှိကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အာဏာသိမ်းအပြီးမှာ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေကို မြန်မာပြည်သူတိုင်း နာကျည်းမုန်းတီးခဲ့ကြပါတယ်။ သို့သော်လည်း အချိန်ကြာလာတာနဲ့အမျှ နေ့စဉ်ကြုံတွေ့နေရတဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် ရုန်းကန်ကြရင်း စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းတွေအတွက် အားလျော့လာပါတယ်။

အခုဆိုရင်လည်း လူမှုကွန်ယက်စာမျက်နှာအနှံ့မှာ ရေဘေးကြောင့် ဘယ်ဒေသတွေမှာ ဘယ်လိုသေဆုံးကြကြောင်း၊ ဘယ်နှစ်ဦးသေဆုံးကြကြောင်းတွေကိုသာ လူထုအများစုက စိတ်ဝင်စားနေကြပါတယ်။

ဒီလိုဖြစ်ရပ်တွေအားလုံးရဲ့တရားခံ စစ်အာဏာရှင် မင်းဆိုးမင်းညစ်ဘေးကိုလည်း မမေ့မလျော့နဲ့ တော်လှန်ကြရင်း ပြည်သူအားလုံးမျှော်လင့်ထားတဲ့ အနာဂတ်နိုင်ငံတော်ဆီရောက်ရှိကြဖို့ အတူကြိုးစားကြပါစို့လို့ တိုက်တွန်းရင်း ……..

ဆက်စပ် သတင်းများ

Most read