၂၇ ဇန်နဝါရီ ၂၀၂၆
အမေရိကန် မင်နီဆိုးတား ပြည်နယ် St. Paul မြို့မှာ အမေရိကန် လူဝင်မှုကြီးကြပ်ရေး (ICE) အဖွဲ့က နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ကရင်တိုင်းရင်းသူ မအယ်ဒို့လား (Eh Doh Lah) ဟာ ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ပြန်လည် လွတ်မြောက်လာပြီလို့ သိရပါတယ်။
မအယ်ဒို့လားကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ဖမ်းဆီးပြီးနောက် Texas ပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခဲ့ပြီး ၁၆ ရက်ကြာ ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ ၂၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
မအယ်ဒို့လားတို့ မိသားစုဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ နယ်စပ်ကနေတဆင့် ဒုက္ခသည်အဖြစ် တရားဝင်ဝင်ရောက်လာသူတွေ ဖြစ်ပြီး Green Card လျှောက်ထားဆဲ အဆင့်မှာရှိတာပါ။ ရာဇဝတ်မှုမှတ်တမ်းလည်း မရှိဘူးလို့ သိရပါတယ်။
ဒါပေမဲ့ ICE အဖွဲ့က ဝင်ရောက်စစ်ဆေးတဲ့အချိန်မှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ချက်ချင်းမပြနိုင်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
ဖမ်းဆီးခံရချိန်မှာ မအယ်ဒို့လားရဲ့ မိသားစုထဲက ၅ လအရွယ် မွေးကင်းစ ကလေးငယ် အပါအဝင် မိသားစုဝင် ၆ ဦး နေအိမ်မှာ ကျန်ရစ်ခဲ့ရပြီး မိခင်တစ်ယောက်အနေနဲ့ ကလေးတွေ အတွက် စိုးရိမ်ပူပန်မှု အလွန်ကြီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ မအယ်ဒို့လားဟာ ပြန်လည်လွတ်မြောက်လာပြီးဖြစ်ပေမဲ့ Texas ပြည်နယ်မှာပဲ ဆက်ရှိနေသေးတယ် လို့ သိရပါတယ်။
ဒီဖြစ်စဉ်အပေါ် အခြေခံပြီး အမေရိကန်ရောက် မြန်မာမိသားစုတွေ အနေနဲ့ မိမိတို့ရဲ့ တရားဝင်စာရွက်စာတမ်းတွေကို အမြဲ လက်လွတ်မထားဘဲ အာဏာပိုင်တွေ မေးမြန်းလာရင် ချက်ချင်းပြနိုင်အောင် ပြင်ဆင်ထားဖို့ လိုအပ်တယ် ဆိုပြီး သတိပေးမှုတွေလည်း ထွက်ပေါ်လာနေပါတယ်။


