Homeပြည်တွင်းသတင်းမကွေးတိုင်း၊ နတ်မောက်မြို့နယ်က ရွာတွေကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကို ဖမ်းဆီး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က ရွာတွေကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကို ဖမ်းဆီး

၁ ဒီဇင်ဘာ၊ ၂၀၂၄

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက ရွာတွေကို လွန်ခဲ့တဲ့ရက်ပိုင်းထဲက စစ်ကောင်စီစစ်ကြောင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

အင်အား တစ်ရာဝန်းကျင်လောက် ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ နိုဝင်ဘာ ၂၉ ရက်က နတ်မောက်မြို့နယ် ဖက်တောရေကျေးရွာက နေအိမ် ၁၁ လုံးကို မီးရှို့ခဲ့ပြီး နို၀င်ဘာ ၃၀ ရက်မှာ ကန်သာကျေးရွာကို စီးနင်းခဲ့ပြီး ဒေသခံတချို့ကို လမ်းပြအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

နိုဝင်ဘာလ ၂၅ ရက်က တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး ဖမ်းဆီးခံရပြီး နိုဝင်ဘာ ၂၇ ရက်မှာ‌တော့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လဲဘူးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အရင်ကလည်း ဖက်တောရေကျေးရွာကို ဝင်ရောက်စီးနင်းပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာတွေ ရှိဖူးပြီး ဒေသခံတစ်ဦး သေဆုံးခဲ့ဖူးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မကွေးတိုင်းအတွင်းမှာ တော်လှန်ရေးတပ်တွေကော၊ စစ်ကောင်စီတပ်တွေကော စိုးမိုးနေရာတွေရှိပြီး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဖြတ်သန်းသွားလာတဲ့ ခရီးသည်တင်ယာဉ်တွေကို တိုက်ပွဲအခြေအနေသတိထားပြီးမှ သွားကြဖို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပုံစာ – မီးရှို့ဖျက်ဆီးခံထားရတဲ့လူနေအိမ်များ

Photo – CJ

ဆက်စပ် သတင်းများ

Most read