Homeပြည်တွင်းသတင်းမကွေးတိုင်းအတွင်း ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်ကြား ရွာ ၅ရွာကို စစ်ကောင်စီ ရွာလုံးကျွတ်မီးရှို့

မကွေးတိုင်းအတွင်း ပွင့်ဖြူနဲ့ စေတုတ္တရာမြို့နယ်ကြား ရွာ ၅ရွာကို စစ်ကောင်စီ ရွာလုံးကျွတ်မီးရှို့

၂၉ နိုဝင်ဘာ၊ ၂၀၂၄

နိုဝင်ဘာလ ၂၈ ရက် မနက်ပိုင်းက မကွေးတိုင်းအတွင်းက ပွင့်ဖြူမြို့နယ်နဲ့စေတုတ္တရာမြို့နယ်ကြားက ရွာ ၅ ရွာကို စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေက ပြောဆိုပါတယ်။

အင်အား ၂၀၀ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဆင်လူးရွာကပျူစောထီးတွေဟာ နိုဝင်ဘာလ ၂၈ ရက် မနက် ၈နာရီဝန်းကျင်မှာ စေတုတ္တရာမြို့နယ်က ကျောက်ပုံ၊ခဲပစ်နဲ့ ညောင်ကုန်းကျေးရွာတို့ကို မီးရှို့ခဲ့ပြီး ည‌နေ ၂ နာရီဝန်းကျင်မှာ ပွင့်ဖြူမြို့နယ်က လယ်မနဲ့ ကျွဲခြံကျေးရွာတို့ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပွင့်ဖြူမြို့နယ် မဲဇလီပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် စစ်တပ်က အနီးတဝိုက်ရွာတွေကို စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာဖြစ်ပါတယ်။

“၂၇ ရက်က ပွင့်ဖြူ မဲဇလီဘက်မှာ တိုက်ပွဲဖြစ်တယ် အခုထိလည်း အဲဒီ့ဘက်ကို ပေးမဖြတ်ဘူး။ တိုက်ပွဲဖြစ်တော့ စေတုတ္တရာနဲ့ ဆင်လူးဘက်က တပ်တွေ ပျူတွေ တက်လာပြီး စစ်ကြောင်းထိုးပြီး လိုက်မဲကြတယ်။ မဲဇလီရွာသစ်ဘက်က လူတွေလည်း ဘေးလွတ်ရာပြေးကြတာ ၂ ရက် ၃ ရက်ရှိနေပြီ။ ဒီဘက်ကလူတွေလည်း ရွာ ၅ ရွာလောက် မီးရှို့ခံရတော့ လူ ၃၀၀၀ ကျော်လောက် ပြေးနေရတာပေါ့။ ရာသီဥတုအေးတော့ သက်ကြီးပိုင်းနဲ့ ကလေးတွေအတွက် တအားခက်ခဲပါတယ်” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

မီးရှို့ဖျက်ဆီးတဲ့စစ်ကြောင်းမှာ စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ် ကပစ- ၂၀၊ ခလရ (၂၅၅)နဲ့ ဆင်လူးကျေးရွာက ပျူစောထီးတွေပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ရေးအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ ပုသိမ်-မုံရွာ လမ်း၊ စံပြ-ဆည်တော်လမ်း(တောင်ဘက်မြောင်းဘောင်လမ်း)၊ မဲဇလီ ပတ်ဝန်းကျင်လမ်းတွေကို မသုံးကြဖို့ နှစ်ဘက်လုံးက သတိပေးထားပါတယ်။

ပုံစာ – စစ်ဘေးရှောင်ပြည်သူများ

Photo – ပြည်သူ့ လွတ်မြောက်ရေး အင်အားစု စေတုတ္တရာ

ဆက်စပ် သတင်းများ

Most read