Homeပြည်တွင်းသတင်းမကွေးတိုင်းမှာ တိုက်ပွဲတွေက ထွက်ပြေးလာတဲ့ ရဲ ၁၀၀ ကျော်ကို ဖမ်းဆီးရှေ့တန်းပို့တဲ့အတွက် ရှေ့တန်းလွှတ်ခံရတဲ့ ရဲတွေ ထပ်ပြီး ထွက်ပြေး

မကွေးတိုင်းမှာ တိုက်ပွဲတွေက ထွက်ပြေးလာတဲ့ ရဲ ၁၀၀ ကျော်ကို ဖမ်းဆီးရှေ့တန်းပို့တဲ့အတွက် ရှေ့တန်းလွှတ်ခံရတဲ့ ရဲတွေ ထပ်ပြီး ထွက်ပြေး

၃ စက်တင်ဘာ၊ ၂၀၂၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်စတဲ့ မြို့နယ်တွေက တိုက်ပွဲဖြစ်လို့ စခန်းစွန့်ထွက် ပြေးလာတဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးချူပ်နှောင်ပြီး ရှေ့တန်းကို ပြန်လည်စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

ရှေ့တန်းစေလွှတ်ခံရတဲ့ ရဲအရာရှိအပါအဝင် ရဲတပ်သားတချို့ဟာ ရှေ့တန်းကို မရောက်ခင် ထပ်ပြီး ထွက်ပြေးကြတယ်လို့ သိရပါတယ်။

“မြိုင်ဘက်မှာတော့ ရွာတွေ ရွာတွေကို လိုက်စစ်တယ်ပေါ့နော်၊ အထိုင်ကင်းစခန်းတစ်ခုကိုလည်း စစ်သားတွေအပြင် ရဲတွေ အလှည့်နဲ့ တာဝန်ယူကြတယ် ။

ရွာတွေထဲလဲ ရဲ ၇ယောက် ၈ ယောက်အဲ့လိုလွှတ်ပြီး ကင်းလှည့်တယ်၊ PDF တွေကလည်း မိုင်းဆွဲလိုက် စခန်းဝင်စီးလိုက်ဆိုတော့ ရဲတွေက အကုန်ပြေးတယ်၊ ပြေးတဲ့ရဲတွေကိုလည်း ရှေ့တန်းပြန်ပို့တယ်တော့ ကြားတယ်၊ ထပ်ထွက်ပြေးမပြေးတော့ မသိပါဘူး၊ လောလောဆယ်တိုက်ပွဲဖြစ်နေတာက ပခုက္ကူ၊ ရေစကြိုဘက်မှာပါ” လို့ မြိုင်ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

“ဒီဘက် ရဲ အသိုင်းအဝန်းမှာလည်း ရှေ့တန်းမပါဖို့ ပိုက်ဆံပေး နေနေရတယ် စျေးကွက်ကြီးတစ် ခုလိုဖြစ်နေပြီ ရဲထဲမှာ တစ်ချို့ငွေလည်း မပေးနိုင်ဘူး ရှေ့တန်းလည်းမထွက်နိုင်တဲ့သူတွေကတော့ ရှောင်ဖို့ကြိုးစားနေကြပြီ ရှေ့တန်းတစ်ခေါက်မပါဖို့အရေး ၅ သိန်းကနေ ၁၀ သိန်း အထိပေးနေ ရတယ်လို့ “ CDM ပြုလုပ်ထားသူ မကွေးဒေသခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

မကွေးမြို့ပေါ်မှာလည်း စစ်မှုထမ်းအပတ်စဉ် ၅ အတွက် လူလိုနေတဲ့အတွက် ဩဂုတ်လထဲမှာ လူ ၂၀ ထက်မနည်း ပေါ်တာဆွဲခဲ့တယ်လို့ သိရပါတယ်။

ရှေ့တန်းမှာ လူလိုနေတဲ့အတွက် စခန်းစွန့်ပြီး နောက်တန်းပြန်ပြေးလာတဲ့ ရဲနဲ့ စစ်သားတွေကို ဖမ်းဆီး ချုပ်နှောင်တဲ့အပြင် ရှေ့တန်းကိုပြန်ပြီး စေလွှတ်တာတွေ စစ်ကောင်စီဘက်က လုပ်နေတယ်လို့ သိရပါတယ်။

ပုံစာ- (မကွေးတိုင်း ရေစကြိုမြို့နယ် မအူနယ်မြေရဲစခန်းကို ဩဂုတ်လ ၂၄ ရက်နေ့က ရေစကြိုမြို့နယ်ပကဖတွေ သိမ်းပိုက်ခဲ့စဉ်)

Photo – ရေစကြိုပကဖ

ဆက်စပ် သတင်းများ

Most read