မနေ့က စက်တင်ဘာ ၂၈ ရက် ည၁၁နာရီဝန်းကျင်အချိန် မကွေးတိုင်းထဲမှာ အိမ်စီးကားတစီးကိုတော်လှန်ရေးအဖွဲ့တွေက စစ်ဆေးဖို့ တားဆီးတာကို မရပ်ပေးဘဲ ပစ်ခတ်ထွက်ပြေးသွားတဲ့ ဖြစ်စဉ်တခုဖြစ်ပွားခဲ့တယ်လို့ United States Of Burma Army(USBA)ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း မင်းတုန်းမြို့ဘက်ကနေ အိမ်စီးကားအနက်ရောင် ၁ စီးဟာ ပုသိမ် -မုံရွာလမ်းအတိုင်း ကျောက်တိုင်စခန်းဘက်ကို မောင်းနှင်လာရာမှာ တော် လှန်ရေးတပ်ဖွဲ့တွေက စစ်ဆေးဖို့တားဆီးခဲ့ပေမယ့် ရပ်တန့်မပေးဘဲ လုံခြုံရေးတာ ဝန်ကျရဲဘော်တွေကို စတင်ပစ်ခတ်ပြီး ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်တာတွေအပြန်အလှန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်အတွင်း မောင်းနှင်ထွက်ပြေးတဲ့အနက်ရောင်အိမ်စီးကား ၁ စီး၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ Ruio ၁ စုံ၊ ငွေသား ၂ သိန်း ၆ သောင်းကျပ်နဲ့အတူ အခြားဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်တပ်တပ်ဖွဲ့၀င်တွေကို ည ၁၂ နာရီမှာ မင်းတုန်းမြို့မှာ light-truck ကား ၁ စီးက အင်အားအပြည့်နဲ့ စမ်းကြီးကျေးရွာအနီးကို လာကြိုသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီဖြစ်စဉ်မှာလည်း ပြည်သူ့ကားဖြစ်ပါက ထိခိုက်နစ်နာမှာကိုစိုးရိမ်တာကြောင့် ညအမှောင်ထဲ မောင်းလာတဲ့ ရန်သူမိတ် ဆွေမကွဲတဲ့ကားကို လက်ပြပြီးတားဆီးခဲ့ရတဲ့အတွက် လုံခြုံရေးတာ၀န်ကျရဲဘော်တွေ အသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရသလို စစ်တပ်တပ်ဖွဲ့၀င်တွေလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် နောက်ပိုင်းမှာဒီလိုဖြစ်စဉ်မျိုးမဖြစ်စေဖို့ ကားလမ်းမကြီးတွေပေါ်မှာ သတ်မှတ်စည်းကမ်းတွေကို ဖောက်ဖျက်မောင်းနှင်လာတဲ့ မည်သည့်မော်တော် ယာဉ်ကိုမဆို ပစ်ခတ်ဖမ်းဆီးခြင်းတွေလုပ်ဆောင်တော့မယ့်အကြောင်းကိုလည်း အသိပေးထားပါတယ်။
စစ်တပ်က စစ်ကြောင်းထိုးမွှေနှောက်ဖို့ အလားလာရှိလာနိုင်တာကြောင့် အဲဒီဖြစ်စဉ်ဖြစ်ပွားတဲ့အနီးတဝိုက်ကျေးရွာတွေက ပြည်သူတွေအနေနဲ့ မိမိတို့လုံခြုံ ရေးအတွက် သင့်တော်သလို ကြိုတင်ပြငဆင်ထားကြဖို့ကိုလည်း အသိပေးထားပါတယ်။
ဓာတ်ပုံ-USBA


