Homeပြည်တွင်းသတင်းဘူးသီးတောင်ထောင်က အကျဉ်းသား တစ်ရာနီးပါး ကယ်ထုတ်ခဲ့ကြောင်း AA ထုတ်ပြန်

ဘူးသီးတောင်ထောင်က အကျဉ်းသား တစ်ရာနီးပါး ကယ်ထုတ်ခဲ့ကြောင်း AA ထုတ်ပြန်

၃၁ မေ၊၂၀၂၄

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ကာလအတွင်း အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား (၃၁) ဦး အပါအဝင် အကျဉ်သား တစ်ရာနီးပါးကို ကယ်ထုတ်ခဲ့တယ်လို့ ရက္ခိုင့် တပ်တော် (AA) က မေလ ၃၀ ရက်နေ့က ထုတ်ပြန်လာပါတယ်။

ဘူးသီးတောင် အကျဉ်းထောင်မှာ ပိတ်မိနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ရာဇဝတ်မှုတွေနဲ့ အကျဉ်းနေတဲ့ အကျဉ်းသား (၉၈) ဦးကို မေလ (၁၆) ရက်နေ့က ဘေးလွတ်ရာကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့က စစ်ကောင်စီရဲ့ ဗျူဟာဌာနချုပ် အပါအဝင် တပ်ရင်း၊ တပ်စခန်းအားလုံးကို မေလ (၁၈) ရက်နေ့မှာ AA က အပြီးသိမ်းယူခဲ့တာလို့ ရေးသားထားပါတယ်။

ဒီအကျဉ်းသားတွေကို AA က နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စံနှုန်းတွေနဲ့အညီ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ စားသောက်နေထိုင်ဖို့ ကူညီပေးထားတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသား (၃၁) ဦးကိုလည်း သူတို့ရဲ့ မိသားစုတွေနဲ့ ဆက်သွယ်ပေးပြီး နေရပ်ပြန်နိုင်ရေးကို မေလ ၂၆ရက်နေ့မှာ ကူညီပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

AA က စစ်ပွဲတွေမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပ‌ဒေနဲ့အညီ ကူညီပေးနေတဲ့အပြင် စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက် အကျဉ်းထောင်၊ အကျဉ်းစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အကျဉ်းသားတွေကို တိုက်ပွဲတွေကြားကနေ ဘေးလွတ်ရာကယ်ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဘူးသီးတောင်မှာ တိုက်ပွဲတွေမဖြစ်ခင်ကတည်း ဘူးသီးတောင်ထောင်က အကျဉ်းသား တချို့ကို လွတ်ငြိမ်းခွင့်ပေးတာနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၃) ကိုနေရာပြောင်း ရွှေ့တာတွေလုပ်ခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ချန်ထားခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို တိုက်ပွဲကင်းလွတ်ရာကို ပြောင်းရွေ့ခြင်း ပြုလုပ်ရမယ့် အစား လျစ်လျူရှုခဲ့ပြီး ဒါဟာ စစ်ကောင်စီက လူမျိုးရေးအမုန်းတရားကို အခြေခံပြီး ရက္ခိုင်ပြည်က နိုင်ငံ‌ရေးအကျဉ်းသားတွေကို ပိုမိုဖိနှိပ်ပြီး လူ့အခွင့်အရေးချိူးဖောက်တဲ့ လုပ်ရပ်ကို အထင်အရှား လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း AA က ဆိုထားပါတယ်။

အသက်ရှင်ကျန်ရစ်ခဲ့ကြပြီး မိမိတိုကယ်ထုတ်ပေးထားတဲ့ အကျဉ်းသားတွေကို ၎င်းတိုကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ကျခံထားပြီး ပြစ်ဒဏ်ကို ပြန်လည်စိစစ်ကာ ရက္ခိုင်အမျိုးသားအဖွဲချုပ်အနေနဲ့ လုပ်ဆောင် သင့်တာတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်လာပြီးနောက် ဘူးသီးတောင်နဲ့ ချင်းပြည်နယ် ပလက်ဝ အပါအဝင်ဆိုရင် ၁၀ မြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read