Homeပြည်တွင်းသတင်းဘုတလင်မြို့ပေါ်ကို ဝင်လာတဲ့ နမခစစ်ကြောင်းက ကလေးငယ် နှစ်ဦးအပါအဝင် မိသားစုဝင်အားလုံးကို သတ်ဖြတ်၊ တနေ့ထဲ အရပ်သား ၈ ဦးကို အကြောင်းမရှိဘဲ...

ဘုတလင်မြို့ပေါ်ကို ဝင်လာတဲ့ နမခစစ်ကြောင်းက ကလေးငယ် နှစ်ဦးအပါအဝင် မိသားစုဝင်အားလုံးကို သတ်ဖြတ်၊ တနေ့ထဲ အရပ်သား ၈ ဦးကို အကြောင်းမရှိဘဲ သတ်ဖြတ်

၁၃ အောက်တိုဘာ၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ ဘုတလင်မြို့ပေါ်က ကုန်စုံဆိုင်ပိုင်ရှင် မိသားစုကို ကလေး ၂ ဦးအပါအဝင် မိသားစု ၅ ဦးလုံးကို သတ်ဖြတ်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းက ဘုတလင်မြို့ပေါ်က သင်း ကုန်စုံဆိုင်ကို စစ်ကောင်စီ တပ်တွေ ဝင်ရောက်ပြီး ဆိုင်ရှင်လင်မယား၊ အသက် ၂၅ နှစ်အရွယ်သမီး၊ အသက် ၁၆ နှစ်အရွယ်သားနဲ့ အသက် ၇ နှစ်အရွယ် မွေးစားတူမလေးကို သတ်ဖြတ်ပစ်လိုက်တယ်လို့ သိရပါတယ်။

၇ နှစ်အရွယ် ကလေးငယ်ကို ကိုင်ပေါက်ပြီး သတ်ပစ်တာ ဖြစ်ပြီး ကျန်တဲ့ ၄ ယောက်ကို လက်ပြန်ကြိုးတုပ်ပြီးမှ ခေါင်းကို သေနတ်နဲ့ ပစ်သတ်တာ ဖြစ်တယ်လို့ ဒေသခံသတင်းတွေက ဖော်ပြပါတယ်။ အောက်တိုဘာလ ၁၂ ရက် တစ်နေ့ထဲမှာ ကလေးငယ်အပါအဝင် ဘုတလင်မြို့ခံ အရပ်သား ၈ ဦးကို စစ်တပ်က အကြောင်းမရှိဘဲ သတ်ဖြတ်ခဲ့တယ်လို့ ဘုတလင်မြို့ခံတွေက ဆိုပါတယ်။

အင်အား ၁၀၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဘုတလင်မြို့နယ်တစ်ခုလုံးကို စစ်ကြောင်းထိုးပြီး လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ ရရှိတဲ့ စာရင်းတွေအရ စစ်တပ်က ဓားစာခံအဖြစ် လူ ၅၀ နီးပါး ဖမ်းဆီးထားတဲ့အပြင် အဖမ်းခံရသူအများစုမှာ မိန်းကလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေထဲမှာ အသက် ၁၅ နှစ်အရွယ် ကလေးသူငယ်တွေလည်း ပါဝင်နေပါတယ်။

စက်တင်ဘာလ ၃၀ ရက်က ဘုတလင်မြို့နယ်၊ ကူတော်ရွာမှာ စက်တင်ဘာလ ၃၀ ရက်က ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင်တဲ့ အင်အား၈၅ဦးပါ စစ်ကြောင်းကို PDFနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်တဲ့အတွက် စစ်ကြောင်းပျက်ပြီး ၃၃ ဦးသေဆုံးပြီး ၄၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)က ထုတ်ပြန်ထားပါတယ်။

ပုံစာ- စက်တင်ဘာလ ၃၀ရက်တိုက်ပွဲမှာ စစ်ကြောင်းတစ်ခုလုံးပျက်စီးပြီးနောက် ဖမ်းဆီးရမိတဲ့ သုံ့ပန်းနဲ့လက်နက်ခဲယမ်းတွေ တွေ့မြင်ရစဉ်(ပုံဟောင်း)

Photo – BOB

ဆက်စပ် သတင်းများ

Most read