ကရင်ပြည်နယ် ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေဖမ်းဆီးရာမှာ စစ်တပ်အသိုင်း အဝိုင်းနဲ့နီးစပ်သူတွေကိုမဖမ်းဆီးဘဲ လွှတ်ပေးနေပြီး သာမန်ဒေသခံပြည်သူတွေရဲ့ယာဉ်တွေကိုသာ စစ်ဆေးဖမ်းဆီးတာတွေတဖက်သတ်ပြုလုပ်နေတယ်လို့ မြို့ခံတဦးက New Day Myanmar ကိုပြောပါတယ်။
ဒါအပြင် ကရင်နယ်ခြားစောင့်တပ် (BGF) ၊ စစ်အုပ်စုနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ(PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)အဖွဲ့က ကားတွေ ဆိုင်ကယ်တွေကိုဖမ်းဆီးတာ မရှိဘူးလို့ သူကဆိုပါတယ်။
“ဘာ့ကြောင့်ပြောနိုင်လဲဆို ကျွန်တော်တို့ သိနေမြင်နေတာဘဲလေ။ ဘယ်သူကိုမဖမ်းဘဲလွှတ်ပေးတယ်လို့ လက်ဆွဲပြောမရလို့သာ မပြောတာ။ နေ့စဉ်သိနေတာဘဲ။ ဘယ်သူဘာကားစီးနေတယ်ဆိုတာ။အခုဆိုလည်းဖမ်းတယ် ငွေတောင်းတယ် ပြန်လွှတ်ပေးတယ်”လို့ဆိုပါတယ်။
ဘားအံမြို့မှာ ပြီးခဲ့သည့် ရက်ပိုင်းရေကြီးရေလျှံဖြစ်ပွားစဉ်က လိုင်စင်မဲ့ကားတွေ မဖမ်းတော့ဘူးလို့ သတင်းထွက်ပေါ်လာပေမယ့် တိကျသည့် ထုတ်ပြန်တာမျိုးမရှိဘဲ ဆက်လက်ဖမ်းဆီးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်ထက် လိုင်စင်မဲ့ကားစီးရေ များပြားနေပြီး၊ ယခင်ခေတ်အဆက်ဆက် ဒေသတွင်းငြိမ်းချမ်းကို အကြောင်းပြုကာ စီးနင်းခွင့်ပြုထားရာကနေ ဇွန်လဆန်းပိုင်းကစပြီး အာဏာသိမ်း စစ်အုပ်စုက ယာဉ်လိုင်စင်မရှိတဲ့ယာဉ်တွေကို ဖမ်းဆီးစစ်ဆေးတာတွေစတင်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
တဖက်တွင်လည်း လိုင်စင်အခွန်နှုန်းမြင့်တာနဲ့ နယ်စပ်နဲ့နီးကပ်တဲ့ဒေသဖြစ်တာကြောင့် လိုင်စင်မဲ့ယာဉ်တွေဟာ ပေါများလာရတယ်လို့သိရပါတယ်။
“ခေတ်အဆက်ဆက်က ဒီလိုဘဲမောင်းလာတာလေ။ လိုင်စင်စစ်ပြီဆိုစစ်ပါ တရားမဝင်ရင်ဖမ်း၊ အခုဟာကဗျာ ပိုင်ရာဆိုင်ရာဆိုမဖမ်းဘူး။ သာမန်ဒေသခံတွေရဲ့ယာဉ်ကိုဘဲဖမ်းတာ။ လုပ်စားဥပဒေချပေးသလိုဘဲ”လို့နောက်ထပ်ဒေသခံတစ်ဦးက ထောက်ပြပါတယ်။
ကရင်ပြည်နယ်အတွင်း လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကတည်းက လိုင်စင်မရှိတဲ့ယာဉ်တွေကို အိမ်နီးချင်း ထိုင်းနိုင်ငံကနေတင်သွင်းစီးနင်းတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
“သိန်းတစ်ရာဖိုး သုံးစီးခေတ်တောင်ရှိခဲ့တယ်”လို သူကဆိုပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ လက်ရှိဒေသအခြေအနေနဲ့မကိုက်ညီတဲ့ မြင့်မားကားလိုင်စင်အခွန်နှုန်းတွေကောက်ခံတာကြောင့် ဒေသခံလူထုအများစုဟာလိုင်စင်ထုတ်ယူဖို့အခက်အခဲရှိနေပြီး ပြည်နယ်နဲ့ကိုက်ညီတဲ့ လိုင်စင်ပြုလုပ်ခွင့်ပေးဖို့ လိုအပ်တယ်လို့ ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။
အရင်အစိုးရအဆက်ဆက်လက်ထက် ပြည်နယ်လွှတ်တော်အမတ်တွေကလိုင်စင်မဲ့ယာဉ်တွေအတွက် ဒေသအခြေ အနေနဲ့ကိုက်ညီတဲ့ လိုင်စင်ပေးတဲ့စနစ်ကို ဖော်ဆောင်ဖို့ လွှတ်တော်မှာတင်ပြခဲ့ဖူးပေမယ့် ဗဟိုချုပ်ကိုင်မှုပုံစံအုပ်ချုပ်တဲ့အစိုးရအဆက်ဆက်က သင့်တော်သလို လုပ်ဆောင်ပေးတာမျိုးတွေမရှိခဲ့ဘူးလို့ မြို့ခံအချို့က မှတ်ချက်ပြုပြောဆိုတာတွေ ရှိနေပါတယ်။
ဓာတ်ပုံ-MOI


