Homeပြည်တွင်းသတင်းဘားအံထောင်မှာ နိုင်ငံရေးအကျဥ်းသားတဦးကို အကျဉ်းထောင်ဝန်ထမ်းတွေ ၀ိုင်းရိုက်နှက်လို့ သေဆုံး

ဘားအံထောင်မှာ နိုင်ငံရေးအကျဥ်းသားတဦးကို အကျဉ်းထောင်ဝန်ထမ်းတွေ ၀ိုင်းရိုက်နှက်လို့ သေဆုံး

၂၅ ဇူလိုင် ၂၀၂၅

၅၀(ည)ပုဒ်မနဲ့ ထောင်ဒဏ်(၇)နှစ်ကျခံ ထားရတဲ့နိုင်ငံရေးအကျဥ်းသားတဦး ဖြစ်တဲ့ အောင်နိုင်စိုး(ကရင်လေး)ကို ဘားအံထောင်ဝန်ထမ်း(၃၀) ခန့်က ဝိုင်းဝန်း ရိုက်နှက်တာကြောင့် သေဆုံးသွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM) အသိပေးထားပါတယ်။

ထောင်ဝန်ထမ်းတွေရဲ့ လူမဆန်စွာရိုက်နှက်ခံရတဲ့ ဒဏ်ကြောင့် သေဆုံးသွားတာကို အကျဉ်းထောင်ဘက်က နှလုံးရောဂါနဲ့သေဆုံးသွားတာလို့ လိမ်လည် သတင်းထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလ ဇူလိုင်(၂၁) ရက်နေ့ ညပိုင်းတန်းပိတ်ချိန်မှာ သက်ကြီးဆောင်အတွင်း အ ချင်းချင်းမတော်တဆ စကားများကြရာမှာပါဝင်ခဲ့တယ်ဆိုပြီး စွပ်စွဲကာ ထောင်ဝန်ထမ်း(၃၀)ဦးရေဝန်းကျင်က အပြင်ကိုခေါ်ထုတ်ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။

ကိုအောင်နိုင်စိုး(ကရင်လေး)ကို ရိုက်နှက်တဲ့ ဝန်ထမ်းတွေဟာ နိုင်ငံသားကဒ်ပြားအမှတ်- ၉/စကတ(နိုင်)၀၆၄၇၆၃ ကိုင်ဆောင်သူ လက်ထောက်ကြီးကြပ်ရေးမှူး ကြည်ခိုင်၊ နိုင်ငံသားကဒ်ပြားအမှတ်- ၁၄/ဖပန(နိုင်)၁၀၄၆၀၈ ကိုင်ဆောင်သူ လက်ထောက်ကြီးကြပ်ရေးမှူး သွင်ထူး၊နိုင်ငံသားကဒ်ပြားအမှတ်- ၇/ဝမန (နိုင်) ၀၆၁၀၃၃ ကိုင်ဆောင်သူ ဒုတိယတပ် ကြပ် စိုးသူရသိန်း၊ နိုင်ငံသားကဒ်ပြားအမှတ်- ၁၂/သဃက(နိုင်)၃၃၀၅၃၇ ကိုင်ဆိုင်သူ တပ်သား ကိုကိုဖြိုး၊ နိုင်ငံသားကဒ်ပြားအမှတ်- ၃/ဘအန(နိုင်) ၄၅၇၁၄၂ ကိုင်ဆောင်သူ တပ်သား ချစ်ဦးဇော်၊နဲ့ နိုင်ငံသားကဒ်ပြားအမှတ် – ၉/ညဥန(နိုင်) ၀၀၁၀၀၈ ကိုင်ဆောင်သူ တပ်ကြပ်ကြီး ဝင်းမောင်တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီ ပြစ်မှုပါဝင်ကျူးလွန်သူတွေကိုသက်ဆိုင်ရာ နယ်မြေအတွင်း တာဝန်ယူဆောင်ရွက်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မှတ်ပုံတင်အမှတ်၊ အမည်များကို စီစစ်ခြင်း စစ်ဆေးခြင်းတွေပြုလုပ် ဖမ်းဆီးကာ တရားမျှတမှုရရှိစေရေးအတွက် သက်ဆိုင်ရာ တရားရေးဌာနတွေဆီကို ကူညီပို့‌ဆောင်ပေးဖို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ဘက်ကတိုက်တွန်းထားပါတယ်။

ဒါအပြင် သထုံအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်ဟာ ဇူလိုင်လ (၁၉)ရက်နေ့ အာဇာနည်နေ့ နေ့လယ် (၁) နာရီ ဝန်းကျင်အချိန်ခန့်က နှလုံးသွေး ကြောကျဉ်းရောဂါနဲ့အကြောကပ်သတိမေ့ကာသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး