Homeပြည်တွင်းသတင်းဘန်ကောက်မှာ လျှပ်စစ်ဝိုင်ယာကြိုး ခိုးဖြတ်ရောင်းစားနေတဲ့ မြန်မာတစ်ဦး ဖမ်းဆီးခံရ

ဘန်ကောက်မှာ လျှပ်စစ်ဝိုင်ယာကြိုး ခိုးဖြတ်ရောင်းစားနေတဲ့ မြန်မာတစ်ဦး ဖမ်းဆီးခံရ

၃ ဖေဖော်ဝါရီ ၂၀၂၆

ထိုင်းနိုင်ငံ ဘန်ကောက် မြို့၊ ဆွန်လုံနယ်မြေ ဟွေ့မာက်ရပ်ကွက်အတွင်း လျှပ်စစ်ဝိုင်ယာကြိုးတွေကို လိုက်လံဖြတ်တောက်ခိုးယူပြီး ရောင်းစားနေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အသက် ၆၄ နှစ်အရွယ် ထိုင်းအမျိုးသမီး နန်းပရီဒါဖွန်းက သူမနေအိမ်မှာ လျှပ်စစ်မီး ရုတ်တရက်ပြတ်တောက်သွားပြီး စစ်ဆေးကြည့်ရာ မြေအောက်သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေ ဖြတ်တောက်ခိုးယူခံထားရတာကို တွေ့ရှိခဲ့တဲ့နောက် ဟွေ့မာက်ရဲစခန်းကို တိုင်ကြားခဲ့ရာမှ စတင်ပေါ်ပေါက်လာတာဖြစ်ပါတယ်။

အဲဒီနောက် ရပ်ကွက်နေပြည်သူတွေကလည်း ညအချိန်မတော် အိမ်ဖောက်ထွင်းခံရမှုတွေ၊ အဲယားကွန်းပိုက်လုံး၊ လျှပ်စစ်မီးကြိုးတွေ ခိုးယူခံရမှုတွေ မကြာခဏဖြစ်ပွားနေတာကြောင့် လုံခြုံရေးအခြေအနေ စိုးရိမ်ရကြောင်း ရဲစခန်းကို တိုင်ကြားထားကြတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေကို စစ်ဆေးရာကနေ သံသယရှိသူဟာ ဆွန်လုံနယ်မြေ ဆီရီနတ်ခလင်း လမ်းသွယ် ၉ ရှိ တိုက်ခန်းတစ်ခုမှာ ငှားရမ်းနေထိုင်နေကြောင်း သိရှိခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက် ည ၈ နာရီခွဲအချိန်မှာ သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ခန်းအတွင်းနေထိုင်သူ အသက် ၂၉ နှစ်အရွယ် မြတ်သူ ဆိုသူ မြန်မာရွှေ့ပြောင်းအလုပ်သမားကို တွေ့ရှိခဲ့ပြီး အခန်းအတွင်း စစ်ဆေးရာမှာ ဝိုင်ယာကြိုးဖြတ်ပလာယာ၊ ကပ်ကြေးတွေအပြင် ခိုးယူထားတဲ့ လျှပ်စစ်ကြိုးခွေတွေ၊ အဲယားကွန်းပိုက်လုံးတွေ ထည့်ထားတဲ့ သေတ္တာတစ်လုံး၊ ဘဏ်အမှတ်တံဆိပ်ပါတဲ့ အိတ်တစ်လုံး၊ အဝတ်အစားနဲ့ အခြားခိုးရာပါပစ္စည်းတွေကို သက်သေအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကို စစ်ဆေးချက်ပေးရာမှာတော့ မြတ်သူဟာ လူသူမရှိတဲ့ အဆောက်အအုံတွေထဲက လျှပ်စစ်မီးကြိုးတွေကို ဖြတ်တောက်ခိုးယူပြီး ဖရလမ်းကောက်–၅၉ လမ်းထဲက အဟောင်းပစ္စည်းဆိုင်တွေမှာ ရောင်းချခဲ့ကြောင်း၊ ဒီလိုလုပ်ရပ်ကို အနည်းဆုံး ၅ ကြိမ်ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ထိုင်းရဲတပ်ဖွဲ့က မြတ်သူကို ညအချိန်မတော် ဖောက်ထွင်းမှု၊ အများပြည်သူပိုင်ပစ္စည်း ခိုးယူမှု စတဲ့ အမှုတွေနဲ့ တရားစွဲဆို အရေးယူသွားမယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး