၂၂ ဇန်နဝါရီ ၂၀၂၆
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေမှာ မြန်မာအမျိုးသားတဦးက ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး ထွက်ပြေးသွားတဲ့ ဖြစ်ရပ်တခု ဇန်နဝါရီ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်ပွားခဲ့တာက ဆိုင်ကယ်မူလီစက်ရုံတခုအနီးရှိ မြန်မာလုပ်သားတွေ နေထိုင်တဲ့ ဝန်းအတွင်းမှာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် မကျော့ကျော့ဝေကို ခင်ပွန်းဖြစ်သူ အသက် ၃၇ နှစ်အရွယ် ကျော်မင်းနိုင်က သတ်ဖြတ်ပြီးနောက် အခန်းကို အပြင်ဘက်ကနေ သော့ခတ်ကာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ကျူးလွန်သူ ထွက်ပြေးသွားချိန်မှာ မျက်နှာပျက်ယွင်းနေတာကို အနီးဝန်းကျင်ရှိ မြန်မာလုပ်သားအချို့က မြင်တွေ့ခဲ့ရပြီး မကျော့ကျော့ဝေကို အော်ခေါ်ပေမယ့် တုံ့ပြန်သံမကြားတာကြောင့် အခန်းသော့ကို ဖျက်ဆီးဝင်ရောက်ကြည့်ရာမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံဟာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဇာတိဖြစ်ပြီး မကြာသေးခင်က စကားများကာ ခွဲနေခဲ့ကြရာမှာ အမျိုးသားဘက်က ခဏခဏ လာရောက် ပြဿနာရှာလေ့ရှိတယ်လို့လည်း သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျူးလွန်သူ ကျော်မင်းနိုင်ကို ဖမ်းဆီးရမိဖို့ ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။
ပုံစာ – မကျော့ကျော့ဝေကိုတွေ့ရစဉ်
ဓာတ်ပုံ – Wai Wai FB


