၂၀ စက်တင်ဘာ၊ ၂၀၂၄
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ဝန်က လမ်းဘေးဈေးဆိုင်တွေကို နွမ်းပါးတဲ့ ထိုင်းလူမျိုးတွေကလွဲရင် တခြားနိုင်ငံသားတွေကို ရောင်းချခွင့်မပြုဘူးဆိုတဲ့ စည်းကမ်းသစ်ကို လက်မှတ်ထိုးအတည်ပြုပြီး ဘုရင်မင်းမြတ် အတည်ပြုဖို့သာ လိုအပ်တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
ဘန်ကောက်မြို့တော်ဝန် Chadchart Sittipuntဟာ စည်းကမ်းသစ်ကို အတည်ပြု လက်မှတ်ထိုး လိုက်ပြီး ဒါဟာ တော်ဝင်ဂေဇက်က ထုတ်ပြန်တဲ့အခါ ဒီစည်းမျဉ်းအသစ်ဟာ တရားဝင်မှာ ဖြစ်တယ်လို့ မြို့တော်အုပ်ချုပ်ရေး ပြောခွင့်ရ Aekvarunyoo Amrapala က ဆိုပါတယ်။
လမ်းဘေးဈေးဆိုင်တွေမှာ တခြားနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို ဝန်ထမ်းအဖြစ်တောင် ခန့်အပ် လို့ မရဘူးဆိုတဲ့အချက်အပြင် တခြားကန့်သတ်ချက်တွေလည်း ရှိလာပါတယ်။
စည်းမျဥ်းသစ်အရ လမ်းဘေးဈေးသည်တွေဟာ ထိုင်း နိုင်ငံသား၊ အစိုးရ လူမှုဖူလုံရေးကတ်တွေ ကိုင် ဆောင်ထားရမှာ ဖြစ်ပြီး အမျိုးသား အိုးအိမ် အာဏာပိုင်က ဆောက်လုပ်ထားတဲ့ အိမ်တွေအတွက် အရစ်ကျ ပေးဆောင်လို့ရတဲ့အပြင် လူမှုဖွံ့ဖြိုးရေးနဲ့ လုံခြုံရေး ဝန်ကြီးဌာနဆီက လူမှုဖူလုံရေး ထောက်ပံ့ကြေးတွေ ရယူနိုင်မှာ ဖြစ်ပါတယ်။
လမ်းဘေးဈေးဆိုင်ဖွင့် ရောင်းချတဲ့အတွက် အခွန်ဌာနက နှစ်စဉ် အခွန်ပြန်ကောက်မှာ ဖြစ်ပါတယ်။
ရောင်းချသူတွေဟာ အခွန်ကောက်ခံမှုနဲ့ စီးပွားရေးကုန်ကျစရိတ်ကို ဖယ်ပြီးရင် သူတို့ရဲ့ ဝင်ငွေဟာ တစ်နှစ်ကို ဘတ် ၃၀၀၀၀၀ ထက် မပိုရဘူးဖြစ်ပါတယ်။ ဆိုင်ခန်းအတွက် အကူ တစ်ဦး ထားရှိ ခွင့် ပြုပေမဲ့ အကူဟာလည်း ထိုင်းလူမျိုးသာ ဖြစ်ရမယ်လို့ စည်းကမ်းသစ်မှာ ပါရှိပါတယ်။
ရောင်းချသူတွေဟာ သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အာဏာပိုင်တွေဆီက ခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ စျေးသည်တွေဟာ လမ်းအကျယ်အဝန်းပေါ် မူတည်ပြီး လမ်းလျှောက်ရန် ၁.၅ မီတာမှ ၂ မီတာ အကျယ်ရှိတဲ့လူသွားလမ်း နေရာ ထားထားရပါမယ်။ ဆိုင်တစ်ခုစီရဲ့ အကျယ်အဝန်းဟာ သုံးစတုရန်းမီတာပဲ ရှိရပါမယ်။
စျေးဆိုင်တွေဟာ လမ်းမျက်နှာပြင်နဲ့ ကပ်ပြီး လူသွားလမ်းဘေးဘက်တွင်သာ နေရာယူရမှာ ဖြစ်ပြီး ဘေးကင်းစေဖို့ လမ်းနဲ့ အနည်းဆုံး ၅၀ စင်တီမီတာအကွာမှာ ရှိနေရမယ်လို့ ဆိုပါတယ်။
အရေးပေါ်ထွက်ပေါက်အဖြစ် လုပ်ဆောင်ရန် ဆိုင်၁၀ လုံးကြားမှာ အနည်းဆုံး ၃ မီတာ ရှည်တဲ့ နေရာလပ်လည်း ရှိရမယ်လို့ စည်းကမ်းသစ်မှာ ဖော်ပြထားပါတယ်။
Photo – CJ