အမေရိကန် လွှတ်တော်မှာဘဏ္ဍာရေးဆိုင်ရာ အရေးပေါ် ညှိနှိုင်းမှုတွေ မအောင်မြင်တာကြောင့် အမေရိကန်အစိုးရ လုပ်ငန်းတွေ အောက်တိုဘာ ၁ ရက်က စပြီး ရပ်တန့်သွားပြီဖြစ်ပါတယ်။
အစိုးရရဲ့ ဘတ်ဂျတ် စီမံမှုအသစ်နဲ့ပတ်သက်ပြီး ဒီမိုကရက်တစ် ပါတီဖက်ကရော၊ ရီပတ်ဘလစ်ကန် ပါတီဖက်ကပါ တင်သွင်းသမျှ အဆိုနှစ်ရပ်စလုံး လွှတ်တော် မဲခွဲမှု မအောင်မြင်ခဲ့ကြပါဘူး။ အဲ့ဒီနောက် အရေးပေါ် ညှိနှိုင်းမှုတွေ ထပ်လုပ်ပေမယ့် လည်း မအောင်မြင်ပြန်ပါဘူး။
ဒါကြောင့် အောက်တိုဘာ ၁ ရက်နေ့မှာ ဖက်ဒရယ် အစိုးရရဲ့ အေဂျင်စီတွေ၊ အလုပ်ဌာနတွေ အများအပြား လုပ်ငန်းလည်ပတ်မှု ရပ်တန့်နေမှာဖြစ်ပြီး ဝန်ထမ်းတွေလည်း အနားပေး ခံထားရမှာ ဖြစ်ပါတယ်။
အတိုက်အခံ ဒီမိုကရက်တစ် ပါတီဝင်တွေက အမေရိကန် ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မယ့် အစီအစဉ်ကို သက်တမ်း ထပ်တိုးချင်ခဲ့တာဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန် ပါတီကတော့ ကျန်းမာရေး ကိစ္စတွေကို အစိုးရ အသုံးစရိတ်ထဲက ဖယ်ထုတ်ထားဖို့ပြောတာကြောင့် အဲဒီကိစ္စမှာ သဘောထား ကွဲလွဲရင်း ညှိမရဖြစ်ပြီး ဘတ်ဂျတ် သဘောတူညီမှု မရတာကြောင့် ဖက်ဒရယ် အစိုးရ လုပ်ငန်းတွေ ရပ်တန့်သွားတာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကတော့ အမေရိကန်အစိုးရရဲ့ ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးတဲ့ ကြားကာလ မှာ ပုံမှန်လုပ်ငန်းဆောင်တာတွေအပြည့်အဝ မဆောင်ရွက်နိုင်သေးဘူးလို့ ဒီနေ့ ထုတ်ပြန်ပါတယ်။


