Homeပြည်တွင်းသတင်းဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်ဓားကို ပြန်ရဖို့ မျှော်လင့်တယ်လို့ မြေး ကင်အဲရစ် ပြော

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်ဓားကို ပြန်ရဖို့ မျှော်လင့်တယ်လို့ မြေး ကင်အဲရစ် ပြော

၁၃ ဖေဖော်ဝါရီ ၂၀၂၆

အဖိုးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ပိုင်ဆိုင်ခဲ့တဲ့ အမွေအနှစ်ဓားကို တနေ့မှာ ပြန်လည်ရရှိနိုင်မယ်လို့ မျှော်လင့်နေတယ်လို့ မြေးဖြစ်သူ ကင်အဲရစ် (ခေါ်) ကိုထိန်လင်း က ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ကင်အဲရစ်က မြန်မာနိုင်ငံမှာ မိခင် ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ နေထိုင်ခဲ့စဉ်ကာလအတွင်း ဖိုးဖိုးဖြစ်သူရဲ့ ကတ်တနာဓားကို ကိုယ်တိုင် စောင့်ရှောက်ခွင့်ရခဲ့ဖူးပြီး အဲ့ဒီဓားဟာ သူ့အတွက် အမြဲတမ်း အဓိပ္ပါယ်နက်ရှိုင်းတဲ့ အမွေအနှစ်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

“မေမေက ဒီဓားကို ကျနော် ဘယ်လောက်တန်ဖိုးထားလဲဆိုတာ သိပါတယ်။ ဒီဓားကို ဖိုးဖိုးရဲ့ အမွေအနှစ်လို့ပဲ မေမေက ပြောခဲ့တာပါ။ ဖိုးဖိုးရဲ့ အမွေအနှစ်နဲ့ သူဖန်တီးပေးခဲ့တဲ့ သမိုင်းရဲ့ သင်္ကေတတစ်ခုအနေနဲ့ တနေ့မှာ ဒီဓားကို ပြန်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ကင်အဲရစ်က ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ပိုင်ဆိုင်ခဲ့တဲ့ အဲ့ဒီဓားဟာ သံချေးတက်နေတဲ့ အခြေအနေရှိခဲ့တာကြောင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါကို ဂျပန်နိုင်ငံမှာ ပြုပြင်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတောင်းဆိုမှုအရ မစ္စတာ ဆာဆာကာဝါက ဓားကို ဂျပန်နိုင်ငံကို ယူဆောင်သွားပြီး နာမည်ကျော် ဂျပန်ဓား ပြုပြင်ထိန်းသိမ်းရေး ပညာရှင် မစ္စတာ ယိုကိုယာမဆီ အပ်နှံကာ ရှစ်လကြာ ပြုပြင်ခဲ့ကြောင်း ဂျပန်သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ပြုပြင်ပြီးစီးခဲ့တဲ့နောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှာ ရန်ကုန်မြို့ Melia Hotel မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာ ဆာဆာကာဝါက အဲ့ဒီဓားကို ဒေါ်အောင်ဆန်းစုကြည် ထံ ပြန်လည်ပေးအပ်ဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီအချိန်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးအကျဉ်းချထားတာကြောင့် အမွေအနှစ်ဓားကို ပြန်လည်ပေးအပ်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓားဟာ အရှည် ၆၉.၁ စင်တီမီတာရှိပြီး ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၁ ခုနှစ်မှာ ဂျပန်တပ်မဟာ ၁၅ ရဲ့ တပ်မှူးအဖြစ် မြန်မာနိုင်ငံကို ခန့်အပ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီး Shojiro Iida ကို Asahi Shimbun ဥက္ကဌက ဂုဏ်ပြုပေးအပ်ခဲ့တာဖြစ်ပြီး အဲ့ဒီကတဆင့် ဗိုလ်ချုပ်အောင်ဆန်းထံ ထပ်မံဂုဏ်ပြုပေးအပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး