Homeပြည်တွင်းသတင်းဗန်းမော်မြို့တိုက်ပွဲပြင်းထန်နေတဲ့အတွက် မြို့ထဲပိတ်မိနေသူတွေနဲ့ စစ်ရှောင်လာသူတွေ အဆက်အသွယ်ပြတ်တောက်

ဗန်းမော်မြို့တိုက်ပွဲပြင်းထန်နေတဲ့အတွက် မြို့ထဲပိတ်မိနေသူတွေနဲ့ စစ်ရှောင်လာသူတွေ အဆက်အသွယ်ပြတ်တောက်

၁၃ ဒီဇင်ဘာ၊ ၂၀၂၄

ဗန်းမော်မြို့တွင်းတိုက်ပွဲပြင်းထန်နေတဲ့အတွက် မြို့ထဲပိတ်မိနေတဲ့သူတွေနဲ့ စစ်ရှောင်လာတဲ့မိသားစုဝင်တွေကြား အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဖုန်းလိုင်းတွေပြတ်တောက်နေတာ၊ မြို့တွင်းမှာ ပိတ်မိနေသူတွေကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်ရတာ၊ စစ်ရှောင်တွေက လမ်းခရီးအခြေအနေတွေကြောင့် အစောပိုင်းပြောထားတဲ့နေရာတွေမဟုတ်ဘဲ တခြားနေရာတွေကို စစ်ရှောင်ရတာမျိုးတွေကြောင့် မိသားစုဝင်တွေကြား အဆက်အသွယ်တွေ ပြတ်တောက်ကုန်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“MPT Ooredoo တွေမမိဘူး။ မနေ့ကတော့ MEC လိုင်း ခဏလေးမိတယ်။ အဓိကက မြို့ပေါ် ကျန်ခဲ့တာက သက်ကြီးရွယ်အိုရှိတဲ့မိသားစုနဲ့ ကလေးငယ်ရှိတဲ့မိသားစုတွေဆိုတော့ မိသားစုဝင်တွေနဲ့အမျိုးတွေကလည်း စိတ်ပူကြတယ်။ တချို့က ဗန်းမော်က ထွက်လာပြီဆိုပြီး မိသားစုလိုက် ပျောက်ပြီး ဘယ်ရောက်မှန်းမသိ ဖြစ်နေကြတယ်။ ရွှေကူ၊ လွယ်ဂျယ်ဘက်ကို စစ်ရှောင်ပြီး တချို့က မန္တလေးအထိ ဆင်းကြတာလည်း ရှိတယ်”လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

တချို့ဒေသခံတွေကလည်း ယာယီစစ်ရှောင်စခန်းအဖြစ် ရိပ်သာ ဘုန်းကြီးကျောင်းတွေကို နေ့ဘက်မှာ သွားခိုပြီး ညဘက်မှာ အိမ်ပြန်စောင့်တာမျိုးလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ဗန်းမော်မှာ စစ်ကောင်စီဘက်က အဆောက်အအုံတွေကို မီးလိုက်ရှို့နေတာ၊ လက်နက်ကြီး ထိတာတွေလည်း ရှိနေပြီး ဖောက်ထွင်းခိုးယူခံရမှုတွေလည်း များပြားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“၃ မိုင်ဘက်နဲ့ ဝေဠုဝန်ကျောင်းနားလည်း တနေ့က ဖြတ်သွားသမျှကို ပစ်နေတယ်။ ဈေးတန်းတစ်ခုလုံးလည်း မီးလောင်သွားတယ်။ ဟန်းတဲတံတားပေါ်က သွားတဲ့ ဆရာမနှစ်ယောက်ကိုလည်း ပစ်သတ်လိုက်တယ်။ မြို့အတွင်းကတော့ KIA တွေ သိမ်းလိုက်တယ်၊ မြို့အစွန်ဘက်ကတော့အကုန်ကုန်ပြီ။ ဇောတိကနဲ့ သုညသုခအသင်းတွေက လောလောဆယ် စစ်ရှောင်တွေကို မြို့က ထွက်ပို့ပေးနေကြတယ်၊ ရေလမ်းကလည်း စစ်တပ်က ပိတ်ထားတော့ ကုန်းလမ်းကပဲ သွားလို့ရတယ်” လို့ ဗန်းမော်မြို့က ထွက်လာသူ စစ်ရှောင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ပုံစာ – ဗန်းမော်မြို့ကို စစ်ကောင်စီတပ်များမီးရှို့စဉ်

Photo – Citizen

ဆက်စပ် သတင်းများ

Most read