၁ နိုဝင်ဘာ၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဗန်းမောက်ကနေ စစ်ရှောင်ဖို့ ထွက်ပြေးလာတဲ့ ဒေသခံပြည်သူတွေ ရဲ့ ထော်လာဂျီတစ်စီးကို ဒရုန်းသုံးပြီး ၁၂၀ မမ နှစ်လုံးနဲ့ လူမဆန်စွာ ကြဲချ တိုက်ခိုက်ခဲ့ပြီး ကလေးငယ်တစ်ဦး အမျိုးသမီးတစ်ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၃၁ ရက်၊ မနက် ၉ နာရီ ဝန်းကျင်မှာ စစ်ကောင်စီက စစ်ရှောင်ဖို့ ထွက်လာတဲ့ ကလေးငယ်တွေ ပါလာတဲ့ ထော်လာဂျီကို လက်နက်ကြီးဖြစ်တဲ့ ၁၂၀ မမ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ပြည်သူ ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်မှာ ကူညီရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ Karenni Hope က ဆိုပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင် တောင်ကြီး ရတခကို ရောက်ရှိပြီး သိမ်းပိုက်ခံ ဒေသ တွေ ပြန်လည်ရယူဖို့နဲ့ တော်လှန်ရေးသမားတွေနဲ့ ပတ်သတ်နေတဲ့ပြည်သူတွေကို လိုအပ်သလို အရေးယူ ကိုင်တွယ်ဖို့ပြောကြားပြီးနောက်ပိုင်း တိုက်ပွဲဖြစ်တဲ့ဒေသတွေက ပြည်သူတွေကို ပိုပြီး အကြမ်းဖက်ရက်စက် လာ တာ ဖြစ်ပါတယ်။
ကရင်နီတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဖယ်ခုံနဲ့ ပင်လောင်းဒေသတချို့မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေက စက်တင်ဘာ ဒုတိယပတ်ကစပြီး တန်ပြန် ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားပြီး ပြည်သူ ၅၀၀၀ ကျော်လောက်မှာ စစ်ဘေးလွတ်ရာ ရှောင်နေကြရပါတယ်။
Photo – Karenni Hope