ဗင်နီဇွဲလားမှာ နိုင်ငံရဲ့ဒုတိသမ္မတဖြစ်တဲ့ ဒယ်လ်ဆီ ရိုဒရီဂွတ်ဇ် ဟာ ယာယီသမ္မတဖြစ်လာခဲ့ပြီးနောက် သူ့အနေနဲ့ အမှားတွေထပ် ကျူးလွန်ရင် ကြီးကြီးမားမားပေး ဆပ်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးပြောကြားလိုက်ပါတယ်။
မနေ့က ဇန်နဝါရီ ၄ ရက်မှာ The Atlantic သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က ယာယီသမ္မတအဖြစ်တက်လာတဲ့အမျိုး သမီးအနေနဲ့ ဗင်နီဇွဲလားမှာ မှန်မှန်ကန်ကန် မအုပ်ချုပ်ဘူးဆိုရင် မာဒူရိုထက် အဖြစ်ဆိုး ကြုံသွားနိုင်တယ်လို့ သတိ ပေးလိုက်တာဘဲဖြစ်ပါတယ်။
ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဖမ်းဆီးဖို့ အမေရိကန်က ဇန်နဝါရီ ၃ ရက်နေ့မှာ အထူးစစ်ဆင်ရေးတစ်ခု ဆင်နွှဲပြီးနောက်မှာ ဒုတိယသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွတ်ဇ်ဟာ နိုင်ငံရဲ့ ယာယီ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ထရမ့်က မာဒူရိုကို အမေရိကန်က အင်အားသုံးဖမ်းဆီးခဲ့တာနဲ့ ပတ် သက်လို့ အစိုးရကို ပြောင်းပစ်ခဲ့တယ်လို့ ခေါ်ချင်လည်း ခေါ်နိုင်ကြောင်း၊ လက်ရှိ အခြေအနေထက်တော့ အရာရာက ပိုကောင်းလာမှာဖြစ်ပြီး ဒီထက် ဆိုးစရာ မရှိတော့ကြောင်းလည်း ပြောပါတယ်။
မာဒူရိုကို အမေရိကန်က စစ်ဆင်ရေး ဆင်နွှဲပြီး ဖမ်းဆီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့တုန်းကတော့ ထရမ့်က ဗင်နီဇွဲလားမှာ လုံခြုံပြီး မှန်ကန်ခိုင်မာတဲ့ အာဏာလွှဲ ပြောင်းနိုင်မှုမျိုး မရှိလာမချင်း အဲဒီနိုင်ငံကို အမေရိကန်က စီမံအုပ်ချုပ်မယ်လို့ ပြောခဲ့ပါသေးတယ်။
ကမ္ဘာပေါ်မှာ ရေနံအထွက် အကြွယ်ဝဆုံးဖြစ်တဲ့ ဗင်နီဇွဲလားဆီ အမေရိကန် ရေနံကုမ္ပဏီတွေ ဝင်ရောက်ပြီး အခြေခံ အ ဆောက်အအုံတွေကို ပြင်ဆင်တာ၊ စီး ပွားရေးလုပ်ငန်းတွေ လည်ပတ်တာမျိုး အကောင်အထည်ဖော်သွားဖို့လည်း အ စီအစဉ်ရှိနေကြောင်း ထရမ့်က ဆိုပါတယ်။
ဒါပေမဲ့ လက်တွေ့ အခြေအနေမှာတော့ မာဒူရိုရဲ့ မဟာမိတ်တွေကပဲ ဗင်နီဇွဲလား နိုင်ငံကို ဆက်လက် အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ မာဒူရိုနဲ့ ဇနီးဖြစ်သူတို့ကတော့ ဇန်နဝါရီ ၅ ရက်နေ့ကျရင် နယူးယောက်မြို့မှာ မူး ယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှု အပါအဝင် ပြင်းထန်တဲ့ စွပ်စွဲချက်တွေအတွက် စတင် တရားရင်ဆိုင်ရမယ်လို့လည်း သိရပါတယ်။
ကိုးကား- BBC


