Homeပြည်တွင်းသတင်းဗကသ ရဲဘော်အမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ကြိုးစားတဲ့ အဖွဲ့ဝင်အမျိုးသား၂ ဦးကို ထုတ်ပယ်

ဗကသ ရဲဘော်အမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ကြိုးစားတဲ့ အဖွဲ့ဝင်အမျိုးသား၂ ဦးကို ထုတ်ပယ်

ဇူလိုင်၂၀၂၅

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် ရဲဘော်အမျိုး သမီးတဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန်ကြိုးစားတဲ့ အဖွဲ့ဝင်အမျိုး သား၂ ဦးကို ထုတ်ပယ်လိုက်တယ်လို့ ဗကသအဖွဲ့ချုပ်က ဇူလိုင် ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ဖြစ်စဉ်ဟာ ဇွန်လအတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ၊ ဇူလိုင် ၄ ရက်မှာ အဖွဲ့ချုပ်က ကြားသိရတဲ့အတွက် စစ်ဆေးမေးမြန်းရာမှာ ရဲဘော်အမျိုးသမီးနေထိုင်တဲ့နေရာကို အမြတ်ထုတ်ဖို့ကြိုးစားတဲ့ အဖွဲ့ဝင်အမျိုးသား၂ ဦး လာရောက်ခဲ့ပြီး လိင်ကိစ္စရယူဖို့ အနုနည်း အကြမ်းနည်းများနဲ့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကျူးလွန်တဲ့အမျိုးသား ၂ ဦးဟာ အမျိုးသမီးရဲဘော်နေတဲ့နေရာကို ရောက်တယ်လို့ဝန်ခံခဲ့ပေမယ့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တဲ့အပေါ် ငြင်းဆိုခဲ့တယ်လို့ဆိုပါတယ်။

“လက်ရှိတော့ ကျွန်တော်တို့ အနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းမဟုတ်ဘူး ။ နောက်တစ်ခုက ခုနကလို ကျွန်တော်တို့မှာအရေးယူနိုင်တဲ့ အတိုင်းအတာကလည်း မရှိဘူး။ သူ့ကိုချုပ်နှောင်ထားတဲ့ ဆိုတာမျိုး အဲ့လိုမျိုးလုပ်လို့ရတဲ့ အခြေ အနေတွေလည်းမရှိဘူး။ ကျွန်တော်တို့ ဒီဘက်မှာလုပ်နိုင်တာကတော့ ဒီလိုလူမျိုးတွေကို ကျွန်တော်တို့ လူ့ဘောင်ထဲမှာ မဆက်ဆံဖို့။ ဒီဟာကို ကျွန်တော် လုံးဝ လက်မခံဘူး။ အဲ့ဒီအပြင်မှာ သူတို့ ပတ်သက် ဆက်နွယ်နေတဲ့အဖွဲ့အစည်းတွေကိုလည်း ကျွန်တော်တို့ အကြောင်းကြား ထားတာတွေရှိတယ်။”လို့ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူ တဦးက New Day Myanmar ကိုပြောပါတယ်။

“ဆိုတော့ ဒီနောက်ဆက်တွဲ အနေနဲ့ ကျူးလွန်ခံရတဲ့ အမျိုးသမီးရဲဘော်ကိုပေါ့ အဲ့ရဲဘော်ရဲ့ဆန္ဒအလျောက်ပဲ ကျွန်တော်တို့ ဆက်လုပ်ကိုင်ချင်တာ ကူညီဆောင်ရွက်ပြီးတော့ လုပ်ပေးနေတာရှိပါတယ်။” လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီ အမျိုးသား ၂ ဦးဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့အကြိမ်ကြိမ်ကျူးလွန်တယ်ဆိုတာ ထင်ရှားတဲ့အတွက် ဗကသအဖွဲ့က ၎င်းတို့၂ ဦး‌ကို ပေးအပ်ထားတဲ့တာဝန်တွေကို ရပ်ဆိုင်းလိုက်တဲ့အပြင် အဖွဲ့ချုပ်ကလည်း ထုတ်ပယ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး