၂ ဒီဇင်ဘာ၊ ၂၀၂၄
ညောင်လေးပင်ခရိုင်၊ ဖြူးမြို့နယ်မှာ စစ်တပ်က ထောင်ထားတဲ့ မိုင်းကြောင့် (၅)နှစ်အရွယ် ကလေး (၁) ဦး အပါအဝင် ဒေသခံပြည်သူ (၂)ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက နိုဝင်ဘာ ၃၀ရက်က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ (၂၈) ရက်မှာ ပေါက်ဇလုပ်ကျေးရွာက ကိုစိုးမင်းနောင်၊မနုနုဝင်းတို့ ဇနီးမောင်နှံနဲ့ သမီး မအေးမြတ်ငြိမ်းတို့ဟာ မြို့ကို ဈေးဝယ်သွားခဲ့ပြီး ညောင်ပင်သာကျေးရွာမှာ စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲပြီး ကိုစိုးမင်းနောင် (၂၇)နှစ် နဲ့ သမီးမအေးမြတ်ငြိမ်း (၅)နှစ်တို့ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။မိခင်ဖြစ်သူ မနုနုဝင်း (၂၅)နှစ်မှာ ဖြူးဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၂၃ ရက်က သေဂေးလူ(ရင်းတိုက်ကုန်း)ကျေးရွာမှာအထိုင်ချ နေရာယူထားတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ရေလဲဗမာကျေးရွာကို ဒရုန်းဖြင့် (၂)ကြိမ်၊ နိုဝင်ဘာလ (၂၄) ရက်မှာ ကုန်းချောင်းဝမှ နေရာယူထားတဲ့စစ်ကောင်စီတပ်တွေဟာ ဟော်ခိုဝေါ (ငထွေစုတ်) ကျေးရွာကို ဟောင်ဝစ်ဇာလက်နက်ကြီး (၁)လုံး နဲ့ ပစ်ခတ်ခဲ့ပါတယ်။
ကျောက်ကြီးမြို့နယ်မှာလည်း နိုဝင်ဘာလ (၂၇)ရက်က ခလရ-၂၆၄တပ်က ဒရုန်းနဲ့ ယောက်သွားကုန်းကို လက်နက်ကြီး (၂)လုံး၊ ၁၂၂ မမ လက်နက်ကြီးနဲ့ ကော်သာစေးကျေးရွာကို (၂)လုံး၊ ဝက်လာတောကျေးရွာကို (၁)လုံး၊ အနန်းဘော်ကျေးရွာက စကစတပ်တွေဟာ ဒရုန်းနဲ့ ရွာသာယာကျေးရွာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင်းကို လက်နက်ကြီး (၁)လုံး၊ နတ်သံကွင်းက စကစတပ်တွေဟာ ဒရုန်းနဲ့ သူးကဘီး (ကျွဲတလင်း)ကျေးရွာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို လက်နက်ကြီး(၁)လုံး၊ ဟောင်ဝစ်ဇာ လက်နက်ကြီး ၁၂၂မမနဲ့ ဖါးလဲဘာကုန်းကို (၁)လုံးပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် သူးကဘီး (ကျွဲတလင်း) ကျေးရွာက ဗုဒ္ဓဘာဘာ ဘုန်းကြီးကျောင်း (၁) ကျောင်း အပါအဝင် ကျောင်းဝင်းအတွင်းကရေကန် (၁) ကန်၊ ဆိုလာ (၁)ချပ် နဲ့ ရွာသာယာကျေးရွာမှ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း (၁) ကျောင်း ထိခိုက် ပျက်စီးခဲ့ရပါတယ်။
နိုဝင်ဘာလ (၂၈)ရက်မှာ ခလရ-၂၆၄က ကော်သာစေးကျေးရွာနဲ့ ငဖယ်အင်းကျေးရွာတွေကို ဟောင်ဝစ်ဇာ လက်နက်ကြီး ၁၂၂မမ (၈)လုံး၊ နတ်သံကွင်းက စကစတပ်တွေဟာ နတ်တလင်း ဗုဒ္ဓဘာသာ ဘာသာရေး ကျောင်းဝန်းအတွင်းသို့ ဒရုန်း (၁)ကြိမ်၊ လက်နက်ကြီး (၂)လုံး၊ ပဲသောင်ကျေးရွာမှာ (၁)လုံး ကုန်းချောင်းဝက စစ်ကောင်စီတပ်တွေဟာ ဒရုန်းနဲ့ တောကြောင်ပေါက်ကျေးရွာကို လက်နက်ကြီး (၁)ကြိမ်၊ နတ်တလင်းကျေးရွာနဲ့ ခြောက်တဲစုကျေးရွာကြား လက်နက်ကြီး (၁)ကြိမ်၊ အင်းနက်ကျေးရွာ ဗုဒ္ဓဘာသာ ဘာသာရေးကျောင်းဝန်းမှာ (၂)ကြိမ် စုစုပေါင်း(၄)ကြိမ်၊ လက်နက်ကြီး ၁၂၀မမနဲ့ ဝေဒေါခို (အင်တိုင်းကုန်း)ကျေးရွာကို (၁)လုံး၊ ဖါးလဲဘာကုန်းကို(၁)လုံး စုစုပေါင်း(၂)လုံး ပစ်ခတ်ခဲ့ပြီး နတ်တလင်းကျေးရွာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း နဲ့ ကျောင်းဝင်းအတွင်းက ရေကန် (၁) ကန်၊ ဓမ္မာရုံ (၁) ရုံ၊ ဆိုလာ (၁)ချပ်၊ အင်းနက်ကျေးရွာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း (၁) ကျောင်း တို့ ထိခိုက် ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Photo – KNU